စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်နယ်မြေတွင် တစ်လအတွင်း အရပ်သား ၃၇ ဦးသေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်နယ်မြေတွင် တစ်လအတွင်း အရပ်သား ၃၇ ဦးသေဆုံး

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် ဒေသများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နိုဝင်ဘာလအတွင်း အရပ်သား(၃၇)ဦး  သေဆုံးသည်ဟု TNLAက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ (၃၈)ဦး သေဆုံးခဲ့ရပြီး (၇၀)ဦး ဒဏ်ရာရကာ နေအိမ်(၉၇)လုံး ပျက်စီးသည်ဟု ဆိုသည်။ 

“အဓိက အခုတိုက်ပွဲဖြစ်ပွားခြင်း မရှိတော့တဲ့နေရာတွေမှာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာဆိုတော့ သူတို့ပစ်မှတ်က ပြည်သူလူထုပါပဲ။ ပြည်သူလူထုတွေ အေးအေးချမ်းချမ်းမနေနိုင်အောင် လုပ်နေတာပေါ့။”ဟု TNLA စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်တွင် ဒေသခံ(၁၆)ဦး သေဆုံးပြီး သံဃာတော် (၂)ပါး အပါအဝင် အရပ်သား (၂၅)ဦး ဒဏ်ရာရကာ နေအိမ် (၅၇)လုံးနှင့် ကား(၈)စီး ပျက်စီးသည်ဟုဆိုသည်။  

မိုးကုတ်မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်းကိုလည်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၉)ဦး သေဆုံးပြီး ကလေးငယ် တစ်ဦး အပါအဝင် (၁၃)ဦးဒဏ်ရာရကာ နေအိမ် (၁၀)လုံးပျက်စီးသည်ဟု ထုတ်ပြန်သည်။

မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ကိုလည်း စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး ကြဲချမှုကြောင့် ဒေသခံ(၅)ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၂)လုံးပျက်စီးကာ ကွတ်ခိုင်မြို့ ရပ်ကွက်(၄)ကို စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် (၇)ဦး ဒဏ်ရာရရှိကာ နေအိမ်(၁၆)လုံး ပျက်စီးသွားသည်ဟု ဆိုသည်။ 

TNLA ဘက်က တွေ့ဆုံဆွေနွေးရေး ဖိတ်ခေါ်ပြီး (၅)ရက်အကြာ နိုဝင်ဘာလ(၃၀)ရက်နေ့ ညပိုင်းတွင် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်ကို ပေါင်(၅၀၀)ဗုံး ကြဲချခြင်းကြောင့် ဒေသခံ(၁၀)ဦး သေဆုံးပြီး (၂၀)ဦး ဒဏ်ရာရကာ နေအိမ်(၂၅)လုံးကျော် ပျက်စီးသည်။ 

“လေကြောင်းအသုံးပြုပြီး နေ့စဥ်ပြည်သူကို ဦးတည်ဗုံးကြဲနေတာ မကြောက်ဘူးဆိုတာ လိမ်ရာကျပါတယ်။ ကြောက်ပေမယ့်လည်း ကိုယ့်အိမ် ကိုယ်ယာမှာနေရတာ စိတ်ချမ်းသာရတယ်။ ဒီလိုပဲ လေယာဉ်သံကြားရင် ပြေးပုန်းလိုက်၊ နေလိုက်ပေါ့။ သက်ဆိုင်ရာဘက်ကတော့ သတိပေးတာမျိုးရှိပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

TNLA ဘက်ကမူ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် အသိပေးခြင်းများရှိသည်။

#TachileikNewsAgency

Photo: PSLF/TNLA News