နိုင်ငံတကာအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအား ချန်လှပ်မထားရန် ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း တိုက်တွန်း

နိုင်ငံတကာအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအား ချန်လှပ်မထားရန် ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း တိုက်တွန်း

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအား ချန်လှပ်မထားရန်နှင့် လိုအပ်သည့် ဘဏ္ဍရေး ၊ နည်းပညာနှင့် အရင်းအမြစ်များ ပံ့ပိုးကူညီပေးရန် ကုလသမဂ္ဂတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ (၂၅)နှစ်မြောက် အထိမ်းအမှတ်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတကာအား ဦးကျော်မိုးထွန်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့နေရာအနှံ့အပြားတွင် အကျပ်အတည်း အမျိုးမျိုး မြင့်တက်ဖြစ်ပေါ်နေစဉ် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်ခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများအနက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသော ချိုးဖောက်မှုတစ်ခုအဖြစ် ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ကတိကဝတ်များအား ပြန်လည်ခိုင်မာအားကောင်းစေရန်၊ တာဝန်ခံမှု ရှိစေရန် နှင့် ဆုံးဖြတ်ချက် ချမှတ်သူများမှ အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် တောင်းဆိုသည့် ၂၀၂၄ ခုနှစ် လှုပ်ရှားမှုအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်တပ်နှင့် ၎င်းတို့နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများက အမျိုးသမီးများ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ တိုးချဲ့၍ ကျူးလွန်နေခြင်းသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ မြင့်တက်နေခြင်းအတွက် ထင်ရှားသည့် သာဓက ဖြစ်သည်ဟုဆိုသည်။

အဆိုပါ မတရား စစ်အာဏာသိမ်းမှုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးအား မြှင့်တင်ကာကွယ်ရေးအတွက် ဆုတ်ယုတ်မှုများကို တိုးပွားစေရုံသာမက ၊ ၎င်းတို့အပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို သာလွန်ဆိုးရွားစေပြီး ကျားမတန်းတူညီမျှမှု ရှိရေးကိုလည်း ပျက်ယွင်းစေကြောင်း သံအမတ်ကြီး ဆိုသည်။

တစ်ပြိုင်တည်းတွင် စစ်တပ်နှင့် ၎င်းတို့နှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းများက နေ့စဉ်ကျူးလွန်လျက်ရှိသည့် လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲခြင်း ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း ၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအကျပ် တပ်သားစုဆောင်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အမြတ်ထုတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများအား စစ်လက်နက်သဖွယ် အသုံးပြုခြင်းနှင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ ကလေးငယ်များနှင့် LGBTQ အုပ်စုများအား အထူးထိရှလွယ်စေသည်ဟု ဆိုသည်။

၎င်းတို့အနေဖြင့် စစ်တပ်၏ ရက်စက်သော ကြမ်းကြုတ်မှုများ၏ ဒဏ်ကို အမြင့်မားဆုံး ခါးစည်းခံနေရသော်လည်း ရဲရင့်သည့် မြန်မာအမျိုးသမီး လူ့အခွင့်အရေးကာကွယ်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အား ခုခံတော်လှန်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိကာ ၊ ထိရှလွယ်သောအုပ်စုများ၏ အခွင့်အရေးအတွက် ကာကွယ်မြှင့်တင်ပေးခြင်း နှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် တိုက်ပွဲဝင်ခြင်းတို့အတွက် ဆောင်ရွက်မှုများအား စစ်အုပ်စု၏ မည်သည့် ခြိမ်းခြောက်မှုကမျှ တားဆီးနိုင်ခြင်း မရှိကြောင်း သံမတ်ကြီးက ဆိုသည်။

ထို့ကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လုံခြုံမှုအား ကာကွယ်ပေးခြင်းနှင့် ၎င်းတို့မှ ကဏ္ဍအစုံတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိစေရေးနှင့် ၎င်းတို့၏ အခွင့်အရေးများအား ကာကွယ်ပေးရေးတို့အတွက် စီမံရလွယ်ကူသော ဘဏ္ဍရေး အရင်းအမြစ်များ ထောက်ပံ့ပေးခြင်း အပါအဝင် နည်းပညာအကူအညီနှင့် လိုအပ်သော အရင်းအမြစ်များ ပံ့ပိုးပေးရန် နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးအနေဖြင့် စည်းလုံးညီညွတ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းက အလွန်အရေးကြီးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့်မူ စစ်အာဏာရှင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် ခိုင်မြဲသော သန္နိဋ္ဌာန်ချမှတ်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများနှင့် လက်တွဲပူးပေါင်းကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်အားလုံး တိုက်ဖျက်ရေး ကတိကဝတ်ကို ဆက်လက်ကိုင်ဆောင် အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု အနေဖြင့် ယနေ့မှစ၍ “၁၆ ရက်အကြာ လှုပ်ရှားမှု” စည်းရုံးလှုပ်ဆော်မှု အစီအစဉ်ကို စတင်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတကာအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအား ချန်လှပ်မထားရန် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုသည်။

ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရန်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ချုပ်ငြိမ်းရန်၊ ရာဇဝတ်မှု ကျူးလွန်သူများအား တာဝန်ခံစေရန်နှင့် နစ်နာသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှု ဖော်ဆောင်ရန် ကုလသမဂ္ဂအနေဖြင့် ဆက်လက်ဦးဆောင်ကာ စုပေါင်းအရေးယူဆောင်ရွက်ချက်များကို ဟန်ချက်ညီညီ လုပ်ဆောင်ရန်ကိုလည်း ထပ်လောင်း တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: Permanent Mission of Myanmar to the United Nations