မကွေးတိုင်း ပခုက္ကူမြို့နယ် ဆင်မင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှ တပ်သားတစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိကြောင်း Young Force - UG တပ်ဖွဲ့က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားမှာ နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ၎င်းတို့တပ်စွဲထားသော ဆင်မင်းဂိတ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများနှင့် မဟာမိတ်များ စိုးမိုးထားသည့် နယ်မြေသို့ လမ်းမှား ဝင်ရောက်လာရာက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
“ပခုက္ကူမြို့အထွက်မှာ ဂိတ်ရှိတယ် ပြည်သူ့စစ်တွေနဲ့ဖွဲ့ထားတဲ့ ဂိတ်ပေါ့။ ကျွန်တော်တို့ ဘက်ကလည်း ကင်းပုန်းချတာတွေရှိတယ်။ အဲဒီဂိတ်ကနေ ထွက်လာတော့ ပစ်ခတ်ဖမ်းဆီးတာတွေ မလုပ်လိုက်ရဘူး။ နယ်ခံမဟုတ်တော့ လမ်းမကျွမ်းတာလည်းပါတယ်။”ဟု Young Force - UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားအား တော်လှန်ရေးတပ်များက ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် အလစ်အငိုက် ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ကာဘိုင်သေနတ်တစ်လက်၊ ကျည်ဘောက်(၃)ခု၊ ကာဘိုင်ကျည် (၄၅)တောင့်၊ ကျည်ကာဝတ်စုံတစ်ထည်၊ ဦးထုပ်တစ်လုံးနှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“သူက စစ်မှုထမ်းသက်က ဘယ်လောက်မှ မကြာသေးဘူးလို့ပြောတယ်။ (၂၃)ရက်လောက်ပဲရှိသေးတယ်။ သူကိုင်တဲ့ သေနတ်အမျိုးအစားကိုတောင် သူမသိဘူး။ စစ်မှုထမ်းသူဆိုပေမယ့် စစ်ကောင်စီတပ်သားအနေနဲ့ပဲ ကျွန်တော်တို့ မှတ်ယူတယ်။ သူပြောတာကတော့ သူ့မိသားစု ခြိမ်းခြောက်ခံရလို့ မိဘတွေကို ထောင်ချမှာမို့လို့ဆိုတာမျိုး ပြောတယ်။”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည်များကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ကာ သက်ဆိုင်ရာကို အပ်နှံပေးသွားမည်ဟု သိရသည်။
စစ်ကောင်စီတပ်သားကို Pakokku People Defense Force (PPDF) နှင့်အတူ Young Force U.G တပ်ဖွဲ့မှ ပူးပေါင်းဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Young Force U.G