နောင်ချိုမြို့ အင်းဖိုရွာတွင် လက်နက်ကြီးကျကာ ၁၀ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

နောင်ချိုမြို့ အင်းဖိုရွာတွင် လက်နက်ကြီးကျကာ ၁၀ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး
နိုဝင်ဘာ 12, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အင်းဖိုရွာတွင် ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က လက်နက်ကြီးကျကာ ကလေးတစ်ဦး ထိမှန်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

အင်းဖိုရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးအစ လွင့်စင်ပြီး (၁၀)နှစ်အရွယ် မိန်းကလေးမှာ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

“ဦးနောက်ပါ ပေါ်တယ်။ ဦးခေါင်းခွံ ကွာကျတာ။ မိန်းကလေး အသက်က (၁၀)နှစ်။  ဘယ်ကပစ်တယ်တော့မသိဘူး လက်နက်ကြီးက အရှေ့ဘက်ကလာတယ် ပြောပါတယ်။ သူက သူများအိမ်မှာ အလည်သွားတာ။ လက်နက်ကြီးက အခြားနေရာထိပြီး ကျည်ခွံစ လာမှန်တာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

 

တိုက်ပွဲဖြစ်နေသည့် တောင်ခမ်းနှင့် အင်းဖိုရွာမှာ မိုင်(၂၀)ဝန်းကျင် ကွာဝေးပြီး မည်သည့်ဘက်က ပစ်ခတ်သည်ကိုမူ မသိရသေးပါ။

ထို့အပြင် နိုဝင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းကလည်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀)ဗုံးကြဲချမှုကြောင့် နေအိမ်(၇)လုံး ထိမှန်ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် နောင်ချိုရဲစခန်း၊ စျေးရပ်ကွက်နှင့် တောင်ရပ်ကွက်တို့ကို  ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ရဲစခန်းနှင့် စျေးရပ်ကွက်တို့ရှိ နေအိမ်(၄)လုံးနှင့် တောင်ရပ်ကွက်ရှိ နေအိမ်(၃)လုံးတို့ ထိမှန်ပျက်စီးပြီး လူထိခိုက်မှုမရှိဟု TNLA က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: နိုဝင်ဘာလ(၁၀)ရက်နေ့က နောင်ချိုမြို့ကို စစ်ကောင်စီဗုံးကြဲသွားသည့် ဓာတ်ပုံ (ပုံဟောင်း)