တပ်ဖွဲ့အမည်နှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်များကို အသုံးပြု၍ အလှူခံနေ၍ KNDF သတိပေး

တပ်ဖွဲ့အမည်နှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်များကို အသုံးပြု၍ အလှူခံနေ၍ KNDF သတိပေး

KNDF တပ်ဖွဲ့အမည်နှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်များကို အသုံးပြု၍ ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်းများကို မသာမသူများမှ လုပ်ဆောင်နေကြောင်း KNDF ဗဟိုက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

KNDF ဗဟိုဌာနများ၊ ဗျူဟာများ၊ တပ်ရင်းများ အမည်များနှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်များကိုအသုံးပြု၍ ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို အတုပြုလုပ်၍ အလှူငွေများရယူခြင်း၊ KNDF အပေါ် ပြည်သူများ ယုံကြည်မှုယုတ်လျော့အောင်ပြုလုပ်ခြင်းများကို မသမာသူများက ပြုလုပ်နေသည်ဟု ဆိုသည်။

အဆိုပါ အခြေနေများကြောင့် ပြည်သူလူထုများအနေဖြင့် KNDF အား ကူညီထောက်ပံ့ရာတွင် ယုံကြည်စိတ်ချစွာအကူညီများပေးနိုင်ရန်အတွက် သတိပြုပေးနိုင်အချက်များကို အသိပေးထုတ်ပြန်လာသည်။

 

အသိပေးချက်တွင် KNDF ဗဟိုကော်မတီ၊ ဗဟိုဌာနများ၊ ဗျူဟာများ၊ တပ်ရင်းများအလိုက် အဆင့်ဆင့်ဖွဲ့စည်းထားပြီး ဘဏ္ဍာရှာဖွေရေးအတွက် တာဝန်ယူ၊ တာဝန်ခံရသည့် သက်ဆိုင်ရာတာဝန်ရှိများအား ခန့်အပ်ထားသည်ဟု ဆိုသည်။ 

KNDF တပ်ဖွဲ့ဝင်တစ်ဦးဦး၏ အမည်ဖြင့်သော်လည်ကောင်း၊ ဌာန၊ ဗျူဟာ၊ တပ်ရင်းများ၏ အမည်ဖြင့်သော်လည်ကောင်း လာရောက်အလှူခံမှုများရှိလာပါက သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ဗဟိုဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများအား အကြောင်းကြား အတည်ပြုပေးကြရန်လည်း ထုတ်ပြန်ထားသည်။

 

ရဲဘော်တစ်ဦးဦးမှ သော်လည်ကောင်း၊ တပ်ဖွဲ့ဝင်တစ်ဦးဦး၏ ပုံရိပ်အား အသုံးပြု၍ သော်လည်ကောင်း လာရောက်အလှူခံပါက အလှူငွေအား တစ်ပါတည်းပေးခြင်းမျိုးမပြုလုပ်ဘဲ ဦးစွာတာဝန်ထမ်းဆောင်နေသည့် ဌာန၊ ဗျူဟာ၊ တပ်ရင်းအမည်နှင့် ကိုယ်ပိုင်အမှတ်အား တောင်းယူ၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ အတည်ပြုချက်ယူပြီးမှသာ လှူဒါန်းကြရန်လည်း အသိပေးထားသည်။

KNDF တပ်ရင်းများအလိုက် အလှူငွေဘဏ္ဍာရှာဖွေရန်အတွက် Facebook page များအား တပ်ရင်းများ၏ နံပတ်နှင့်အတူ ဖွင့်လှစ်ခွင့်ပြုထားပြီး တပ်ရင်းနာမည်များဖြင့် မူမမှန်သည့် အလှူငွေလာရောက်တောင်းခံမှုများရှိပါက သက်ဆိုင်ရာတပ်ရင်း Facebook page ၏ Messenger တွင်လည်း မေးမြန်းအတည်ပြုနိုင်သည်ဟု ဆိုသည်။

KNDF နှင့်သက်ဆိုင်သော အလှူငွေတောင်းခံခြင်း ကိစ္စရပ်များအားလုံးအတွက် အတည်ပြုချက်များကို KNDF ဗဟို၏ Facebook page တွင်မေးမြန်းအတည်ပြုနိုင်ကာ သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ စစ်ဦးစီး၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများထံ တိုက်ရိုက်အတည်ပြုကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: KNDF (ပုံဟောင်း)