စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ ငွေကြေးကောက်ခံနေသည့် ခမောက်ကြီးမြို့ အမှတ် ၄ ရပ်ကွက် အမျိုးသမီး အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ ငွေကြေးကောက်ခံနေသည့် ခမောက်ကြီးမြို့ အမှတ် ၄ ရပ်ကွက် အမျိုးသမီး အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေအား အကြောင်းပြ၍ ငွေကြေးကောက်ခံနေသည့် အမှတ် (၄) ရပ်ကွက် (ဖောင်ဆိပ်) အမျိုးသမီး အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ခမောက်ကြီးမြို့နယ် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဌေး အသက် (၅၂) ခန့်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့ ညနေ (၅) နာရီခွဲခန့်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၎င်း၏ နေအိမ်၌ သွားရောက်ပစ်ခတ်ရာမှ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်မှုထမ်းဥပဒေအား အကြောင်းပြ၍ ငွေကြေးကောက်ခံခြင်း ၊ စစ်မှုထမ်းရန်အတွက် လူစုပေးခြင်း ၊ သန်းခေါင်စာရင်း ကိစ္စရပ်များတွင် အားပေးကူညီခြင်း ၊ ဒေသအတွင်း ၎င်းနှင့်အဆင်မပြေသူများကို PDF အမည်တပ် ခြောက်ချခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို စုံစမ်းပြီး စစ်ကောင်စီအားပေးခြင်း စသည့်လုပ်ရပ်များအား အကြိမ်ကြိမ် သတိပေး တားမြစ်သည့်ကြားမှ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ က ဆိုသည်။

သို့ဖြစ်၍ ကျန်ရှိနေသည့် စစ်ကောင်စီနှင့် ၎င်းတို့၏ ထောက်တိုင် သူလျှိုများ ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူနှင့်အတူပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန်နှင့် ပြည်သူ့ဘက်မရပ်တည်သည့် စစ်ကောင်စီဘက်တော်သားများအား လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်အဟုန်မြှင့်၍ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ က အသိပေးထားသည်။

#TachileikNewsAgency