ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် သစ်ပုတ်တာဝါတိုင် အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်း (၃) ကြိမ်ဆွဲ၍ ကြားဖြတ်တိုက်ခိုက်ကြောင်း PPDF - ၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင် စစ်ကောင်စီ အထိုင်စခန်းမှ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန် ထွက်လာသည့် အင်အား (၄၀)ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၁) နာရီခွဲမှ စတင်ပြီး ပျံချီတက်ရွာနှင့် သစ်ရွာကြားတွင် မိုင်း (၃)ကြိမ်ဆွဲ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား သယ်ဆောင်၍ ယင်းနေ့ နံနက် (၄)နာရီခွဲတွင် သစ်ပုတ်တာဝါတိုင် အထိုင်စခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း PPDF-၃၆၀၁ တပ်ရင်းက ဆိုသည်။
တိုက်ခိုက်မှု ဆောင်ရွက်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီး ၊ လက်နက်ငယ်နှင့် စက်ကလေးတို့ဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Paungde People Defense Force PPDF Battalion-3601 (ပုံဟောင်း)