ရွှေတောင်မြို့နယ်တွင် PDF ကို ဂရုမစိုက်လို့ တယောက်တည်းသွားလာနေတာကွ ဟု ကြွေးကြော်ထားသည့် ထွေအုပ်စာရေး ပစ်ခတ်ခံရပြီး သေဆုံး

ရွှေတောင်မြို့နယ်တွင် PDF ကို ဂရုမစိုက်လို့ တယောက်တည်းသွားလာနေတာကွ ဟု ကြွေးကြော်ထားသည့် ထွေအုပ်စာရေး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း PDF ကို ဂရုမစိုက်လို့ တယောက်တည်းသွားလာနေတာကွ ဟု ကြွေးကြော်ထားသည့် ထွေအုပ်စာရေး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း PPDF-၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရွှေတောင်မြို့နယ် တရုပ်မှော်ကျေးရွာနေ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းရာတွင် လုပ်ဆောင်ပေးနေသည့် PDF ကို ဂရုမစိုက်လို့ တယောက်တည်းသွားလာနေတာကွ ဟု ကြွေးကြော်ထားသည့် ထွေအုပ်စာရေး အေးမင်းနိုင်အား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့ နံနက် (၈) နာရီခွဲဝန်းကျင်တွင် မမဲကြီးရွာဘက်သို့ စစ်မှုထမ်းစာရင်း လာရောက်ယူဆောင်စဉ် PPDF-၃၆၀၁ တပ်ရင်းမှ ပစ်ခတ်ခဲ့ရာ နားထင်နှင့် ရင်အုံထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွေအုပ်စာရေး အေးမင်းနိုင်သည် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းရာတွင် လူအင်အား စုဆောင်းပေးခြင်း ၊ စစ်မှုမထမ်းဆောင်လိုလျှင် ငွေဖြင့် ညှိပြီး စစ်ကောင်စီအတွက် ငွေထောက်ပံ့ခြင်း ၊ PDF များကို နှိမ်နှင်းမည်ဟုဆိုကာ ကိုယ်တိုင်ဦးဆောင်၍ ပျူစောထီးအဖွဲ့ ဖွဲ့စည်းထားခြင်းတို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း PPDF-၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ပစ်ခတ်မှုဆောင်ရွက်ပြီးနောက် ထွေအုပ်စာရေး အေးမင်းနိုင်ထံမှ စစ်ကောင်စီ ဗိုလ်မှူး ၊ ဗိုလ်ကြီးများနှင့် ဆက်သွယ်ထားသည့် လက်ကိုင်ဖုန်းတလုံး ၊ ငွေသားငါးသောင်း ၊ စစ်မှုထမ်းစုဆောင်းထားသည့် စာရွက်စာတမ်းနှင့် ပျူစောထီးဖွဲ့စည်းထားသည့် စာရွက်စာတမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြည်ခရိုင်အတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၊ ရဲ ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် သန်းခေါင်စာရင်းကောက်ယူပေးနေသည့် ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ် အဓိကထား အရေးယူနေပြီဖြစ်ကြောင်း PPDF-၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency

Photo: ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့