လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း တိုက်ခိုက်မှုသည် စစ်ကောင်စီ၏ မိုက်တွင်းနက်နက်ဖြင့် ဆိုးရွားစွာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း တိုက်ခိုက်မှုသည် စစ်ကောင်စီ၏ မိုက်တွင်းနက်နက်ဖြင့် ဆိုးရွားစွာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် လိုင်ဇာစစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုသည် စစ်ကောင်စီ၏ မိုက်တွင်းနက်နက်ဖြင့် ဆိုးရွားစွာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကာ KIAနှင့်အတူ ရပ်တည်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ အောက်တိုဘာလ (၁၀)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။  

နိုင်ငံရေး၊ စစ်ရေးနှင့် အဘက်ဘက်တွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့အား မထောက်ခံသော ပြည်သူများအပေါ် အငြိုးအတေး အာဃာတကြီးစွာထားပြီး လက်နက်ကြီးများနှင့် လေကြောင်းမှပစ်ခတ် တိုက်ခိုက်နေခြင်း၊ တရားလက်လွတ် သတ်ဖြတ်နေသောလုပ်ရပ်များကို မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် တွေ့ရှိနေရကာ ယင်းသို့ လုပ်ရပ်များမှာ လူသားမျိုးနွယ်အပေါ်  ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ယမန်နေ့ အောက်တိုဘာလ (၉)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ရှောင်စခန်းအတွင်းမှ ကလေးသူငယ် (၁၀)ဦးအပါအဝင် (၂၈)ဦး သေဆုံးခဲ့ရပြီး (၅၀)ကျော် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

တချိန်တည်းမှာပင် လိုင်ဇာရှိ ရက္ခိုင့်တပ်တော်(AA) တပ်စခန်းတစ်ခုအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ရပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ညီနောင်(၃)ဖွဲ့တွင် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်တပ်မတော် (MNDAA)နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ပါဝင်သည်။

#TachileikNewsAgency