ထိရောက်သော ကြားဝင်ရောက်မှုမရှိပါက စစ်အုပ်စုအနေဖြင့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ဆက်လက် ကျူးလွန်နေမည်ဖြစ်ကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းဆို

ထိရောက်သော ကြားဝင်ရောက်မှုမရှိပါက စစ်အုပ်စုအနေဖြင့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ဆက်လက် ကျူးလွန်နေမည်ဖြစ်ကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းဆို

ထိရောက်သော ကြားဝင်ရောက်မှု မရှိပါက စစ်အုပ်စုအနေဖြင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည်သာဖြစ်ကြောင်း (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောဆိုသည်။

လူ့အခွင့်အရေးကြေညာစာတမ်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့မဟုတ် နှိမ့်ချသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးခြင်း မခံရစေရ ဟူ၍ ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း သံအမတ်ကြီးက ဆိုသည်။

            

သို့ရာတွင် မြန်မာ ပြည်သူများအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု နောက်ပိုင်းတွင် စစ်အုပ်စုမှ ကျူးလွန်သော တရားလက်လွတ် ကွပ်မျက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ကြုံတွေ့ကြောင်း သံအမတ်ကြီးက နိုင်ငံတကာအား အသိပေးပြောဆိုသည်။

ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှု၊ လူမဆန်၍ နှိမ့်ချသော ဆက်ဆံမှုများမှာ စစ်အုပ်စုက အရပ်သားပြည်သူများမှ ၎င်းတို့အား ခုခံနေခြင်းကို ဖိနှိပ်ရန်နှင့် တော်လှန်ရေး အင်အားစုများ၏ သတင်းများကို ရယူရန်အတွက် အသုံးပြုသော ရက်စက်သည့် နည်းလမ်းများအနက် အချို့သာဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်အုပ်စုအနေဖြင့် အဆိုပါ ရက်စက်ကြမ်းတမ်းသော လုပ်ရပ်များကို စစ်ကြောရေးစင်တာများ၊ အကျဉ်းထောင်များနှင့် ကျေးရွာများအား အလစ်အငိုက်တိုက်ခိုက်ရာတွင် အများဆုံး အသုံးပြုလျက် ရှိသည်ကို ဗီဒီယိုရုပ်သံများ အပါအဝင် အစီရင်ခံစာ အများအပြားမှတဆင့် လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအရ ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအနေဖြင့် ရိုက်နှက်ခြင်း၊ လျှပ်စစ်ရှော့ခ်ပေးခြင်း၊ အသက်ရှူကြပ်သည် အထိ လည်မျိုညှစ်ခြင်းတို့ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ လက်သည်းများအား ပလာရာများဖြင့် ညှပ်ထုတ်ခြင်း၊ သက်ငယ်များနှင့် အရွယ်ရောက်ပြီး သူများအား ကျားမမရွေး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အရက်စက်ဆုံးပုံစံဖြင့် ကျူးလွန်ခြင်း၊ လိင်အင်္ဂါများအပေါ် မီးလောင်မြိုက်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကျားမအခြေပြုရာဇဝတ်မှုများနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ရည်ရွယ်ချက်ရှိရှိ မပေးအပ်ခြင်း စသည့် ပုံစံများဖြင့် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်ခံထားရသည်ဟု ဆိုသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ဖြစ်စဉ်မှာ လက်ငင်း ဖြစ်စဉ်တစ်ခုပင်ဖြစ်ပြီး ၎င်းအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သင့်တင့်လျောက်ပတ်သော ကျန်းမာရေး စောင့်ရှောက်မှု မရရှိသဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီး အလားတူဖြစ်စဉ်များစွာရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

AAPP မှတ်တမ်းများအရလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရစဉ် သေဆုံးသူ အယောက်ပေါင်း (၁,၉၀၂) ဦးခန့်ရှိပြီး ၊  ယင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၅,၇၁၂)၏ ၃၃.၃ ရာခိုင်နှုန်းရှိကာ အဆိုပါ ညွှန်းကိန်းများကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ချဲ့ထွင်နေခြင်းနှင့် ၎င်းတို့၏ ပြစ်မှုများမှာ စစ်ရာဇဝတ်နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်းကို ထပ်လောင်း သက်သေပြနေခြင်းတို့ပင်ဖြစ်သည်ဟု ဆိုသည်။

ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက စစ်အုပ်စုအနေဖြင့် အဆိုပါ ရက်စက် ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက် ကျူးလွန်နေမည်သာဖြစ်ပြီး ၊ စစ်ကောင်စီလက်ထဲမှ သားကောင်များအား အကာအကွယ်ပေးရေးနှင့် သေဆုံးသူများအတွက် တရားမျှတမှုဖော်ဆောင်ရေးတို့က ညီတူညီမျှ အရေးကြီးကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

သို့ဖြစ်ပါ၍ အဖွဲ့ဝင်နိုင်ငံများမှ ဤအရေးကိစ္စအား ထိရောက်စွာ တိုက်ဖျက်နိုင်မည့် နည်းလမ်းများနှင့် ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးယန္တရားတို့နှင့် စပ်လျဉ်း၍ အကြံပြုပေးပါရန်နှင့် မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ လူမဆန်စွာ ယုတ်ရင်းရက်စက်သော ဆက်ဆံမှုများကြောင့် ဒုက္ခခံစားနေရသည့် ပြည်သူများ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ညှဉ်းပန်းနှိပ်စက်မှု၏ သားကောင်ဖြစ်နေရသူများ၏ ကိုယ်စား တောင်းဆိုလိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် တိုက်တွန်းပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo: Permanent Mission of Myanmar to the United Nations