လားရှိုးကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်

လားရှိုးကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီက ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းတွင်လည်း ထပ်မံတိုက်ခိုက်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့အဝင်ဆိုင်းဘုတ်အနီးရှိ ရိုးရာဆန်အရက်ချက်စက်ရုံ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

“စက်ရုံအကြောင်းတော့ သေချာမသိပါဘူး။ ကြဲသွားတာကတော့ ပေါင်(၅၀၀)တစ်လုံးပါ။”ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် လေကြောင်းမှ ဆက်တိုက်နီးပါး ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဩဂုတ်လမှစ၍ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၂၀)ထက်မနည်း ရှိပြီး အရပ်သား ထိခိုက်သေဆုံးသူ ရာဂဏန်းရှိသည့်အပြင် နေအိမ်၊ ဟိုတယ်၊ ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း လားရှိုးမြို့ကို အုပ်ချုပ်နေသည့် MNDAA က ထုတ်ပြန်ထားသည်။

#TachileikNewsAgency 

Photo : လားရှိုးမြို့ ပြန်လည်ထူထောင်ရေး