နိုင်ငံအနှံ့တွင် စစ်မှုထမ်း စုဆောင်းခံရသူ (၂) သောင်းကျော်ရှိနေပြီး ရှေ့တန်းပို့ခံရသည့် သင်တန်းဆင်းများ သေဆုံးမှုများ ရှိနေကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။
စစ်မှုထမ်း စတင်စုဆောင်းစဉ်တွင် သင်တန်းဆင်းပြီးပါက မိမိတို့ ရပ်ရွာဒေသတွင်ရှိသည့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များတွင်သာ တာဝန်ထမ်းဆောင်စေရေးအတွက် ရည်ရွယ်သည်ဟု စစ်ကောင်စီမှ သတင်းထုတ်ပြန်ခဲ့သော်လည်း အပတ်စဉ် (၁)သင်တန်းမှ စတင်၍ သင်တန်းဆင်းသည်နှင့် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံနေရကြောင်း သိရသည်။
စစ်မှုထမ်းသင်တန်းများသည် လက်ရှိတွင် အပတ်စဉ် (၃) အထိ သင်တန်းဆင်းသွားပြီဖြစ်သောကြောင့် သင်တန်းဆင်း အရေအတွက်သည် (၁၃၀၀၀)ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်း အများအပြားသည် ရှေ့တန်းသို့ ပို့ဆောင်ခံနေရပြီး အားလုံးကို ပို့ဆောင်ခြင်းမဟုတ်သော်လည်း အများစုမှာ ရှေ့တန်း စစ်မြေပြင်များသို့ ရောက်ရှိကာ သေဆုံးဒဏ်ရာရမှု များစွာရှိနေကြောင်း သိရသည်။
အပတ်စဉ် (၁) သင်တန်းဆင်းပြီးနောက် သင်တန်းဆင်း စစ်မှုထမ်းများသည် ရှမ်းမြောက်၊ ရခိုင်၊ ကရင် နှင့် စစ်ကိုင်း အပါအဝင် တိုက်ပွဲပြင်းထန်နေသည့် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရကြောင်း သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ သိရှိရကြောင်း BACS အဖွဲ့က ဆိုသည်။
BACS ၏ မြေပြင်သတင်း စုံစမ်းမှုများအရ မိခင်ကို ဆေးကုသရန် ငွေကျပ် သိန်း (၆၀)ဖြင့် အစားထိုး ဝင်ရောက်ခဲ့သည့် မကွေးတိုင်း အနောက်ခြမ်းမှ စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်း လူငယ်တဦးသည် သင်တန်းဆင်းပြီးနောက် ရခိုင်ပြည်နယ် သံတွဲဘက်ကို ပို့ဆောင်ခံခဲ့ရပြီး အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
၎င်းသည် စစ်မှုထမ်း အပတ်စဉ် (၁)ကို တောင်တွင်းကြီး အခြေစိုက် အမှတ် (၇)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၇) တွင် သင်တန်းတက်ရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်မှုထမ်းသင်တန်းဆင်းများ ရှေ့တန်းပို့ဆောင်ခံရကာ သေဆုံးဒဏ်ရာရမှုများစွာရှိနေသော်လည်း အရေအတွက် အတိအကျကိုမူ အတည်ပြုကောက်ယူနိုင်ခြင်းမရှိကြောင်း BACS အဖွဲ့က အသိပေးထားသည်။
စစ်ကောင်စီ စစ်မှုထမ်း အပတ်စဉ် (၃)၊ (၄)၊ (၅) စုဆောင်းမှုသည် အပတ်စဉ် (၁) နှင့် (၂) တွင် ရယူစုဆောင်းပြုလုပ်ခဲ့သည့် ပုံစံနှင့် ကွဲလွဲပြီး ၊ အပတ်စဉ် (၁) နှင့် (၂) စုဆောင်းမှုများကြောင့် လူငယ်အများစုသည် ပြည်ပထွက်ခွာခြင်း ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ခြင်း အများအပြား ဖြစ်ပွားခဲ့သည့်အတွက် ထိုအခြေအနေတွင် စစ်ကောင်စီသည် စစ်မှုထမ်း သင်တန်းသား စုဆောင်းရခက်ခဲလာသည့်အတွက် ရသမျှ နည်းလမ်းပေါင်းစုံသုံးကာ စုဆောင်းမှု ပြုလုပ်လာကြောင်း သိရသည်။
ငွေကြေးဖြင့် စည်းရုံးခြင်း ၊ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ၊ အကြပ်ကိုင်ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ပိုလုပ်လာပြီး ယင်းကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် စစ်မှုထမ်းစုဆောင်းခြင်းများကို မြို့ပေါ်များတွင်ထက် ကျေးရွာများ ၊ လူမြင်ကွင်း၌ မတွေ့မြင်ရနိုင်သည့် အခြေအနေများတွင် အဓိကလုပ်ဆောင်ပြီး သတင်းပျံ့နှံမှု နည်းအောင် အဓိက လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း BACS အဖွဲ့က ဆိုသည်။
အမျိုးသမီးများ စစ်မှုထမ်းခြင်းနှင့် ပတ်သက်ပြီး အပတ်စဉ် (၅)တွင် ခေါ်ယူမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ ခေါ်ယူခြင်းမရှိသေးဘဲ ဒေသတချို့တွင် အမျိုးသမီးများ၏ စာရင်းကို ကောက်ယူမှု တချို့ရှိခဲ့ကြောင်း သိရသည်။
လတ်တလော အမျိုးသမီးများကို စစ်မှုထမ်းအတွက် ခေါ်ယူခြင်းမရှိသေးသော်လည်း အချိန်မရွေး ရုတ်တရက် ခေါ်ဆောင်နိုင်သည့် အန္တရာယ်ရှိနေသည်ကို သတိပြုရမည်ဖြစ်ကြောင်း BACS အဖွဲ့က ဆိုသည်။
အမျိုးသမီးများကို ခေါ်ယူခြင်းမရှိသေးသော်လည်း စစ်မှုထမ်းခေါ်ဆောင်ရာတွင် အိမ်ထောင်ရှင် အမျိုးသားများကို ခေါ်ယူသည့်အတွက် ၊ ကျန်ရှိနေသည့် အမျိုးသမီးများ၏ လူမှုစီးပွားအခြေအနေ ပျက်ယွင်းသွားသည်များလည်းရှိကြောင်း BACS အဖွဲ့က အသိပေးထားသည်။
ထို့အပြင် စစ်မှုထမ်း ရှောင်တိမ်းမှုကိုလည်း အမျိုးသားများနှင့်အတူ ရှောင်တိမ်းကြရပြီး ၊ စစ်မှုထမ်းအကျုံးဝင်သည့် အသက်အရွယ်အပိုင်းအခြားရှိ လူငယ်အမျိုးသား ၊ အမျိုးသမီးများကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ပိုမိုကန့်သတ်ခြင်းများ လုပ်ဆောင်လာသည့်အတွက် ပြည်ပသို့ တရားမဝင်ထွက်ခွာသူများ ပိုများလာခဲ့ပြီး အခက်အခဲ အကျပ်အတည်းများ ၊ လူကုန်ကူးခြင်း ၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်း အပါအဝင် အန္တရာယ်များစွာလည်း ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေများစွာ ဆုံးရှုံးလာနေပြီး ၊ စစ်မှုထမ်း သတ်မှတ်ထားသည့် အရေအတွက် ပြည့်မှီအောင် စုဆောင်းရာတွင် ၎င်းတို့ ကောင်းစွာ ထိန်းချုပ်ထားနိုင်သည့် ဒေသများကိုသာ အဓိကထားလုပ်ဆောင်နေကြောင်း BACS အဖွဲ့က အသိပေးထားသည်။
အကျိုးဆက်အနေဖြင့် စစ်ကောင်စီ ကောင်းစွာထိန်းချုပ်ထားနိုင်သည့် ဒေသများတွင် စစ်မှုထမ်းစုဆောင်းခံရသူ အများဆုံးဖြစ်လာခဲ့ပြီး ၊ ထိုဒေသများတွင် မြို့ပေါ်မှာထက် မြို့စွန်နှင့် ကျေးရွာများမှ ဝင်ငွေနည်း ငွေကြေးချို့တဲ့သူများ ၊ အလုပ်လက်မဲ့များမှ အဓိက ပစ်မှတ်ထား စုဆောင်းခံနေရကြောင်း သိရသည်။
စုဆောင်းခံနေရသူများတွင် လက်ရှိ စစ်မှုထမ်းကိစ္စရပ်နှင့် ပက်သက်၍ ရှောင်တိမ်းရန် ၊ ချိတ်ဆက်ထွက်ပြေးရန် နားလည်သိရှိမှု နည်းပါးသူများဖြစ်သည်ကို တွေ့ရပြီး ၊ စစ်မှုထမ်း အန္တရာယ်နှင့် ပက်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် လိုအပ်နေကာ တိမ်းရှောင်ရာတွင် အမှန်တကယ် ချိတ်ဆက်ကူညီပေးနိုင်သည့် အခြေအနေများလည်း ဖန်တီးပေးရန် လိုအပ်ကြောင်း Burma Affairs & Conflict Study အဖွဲ့မှ အသိပေးထားသည်။
BACS အဖွဲ့သည် စစ်ကောင်စီ၏ စစ်မှုထမ်း စုဆောင်းမှုများ ၊ ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများ ၊ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီများ၏ အထွေထွေလှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းမီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
#TachileikNewsAgency
Photo: Burma Affairs & Conflict Study