နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးနှစ်ကလေးအပါအဝင် ၉ ဦးသေဆုံး

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးနှစ်ကလေးအပါအဝင် ၉ ဦးသေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်မှ စက်တင်ဘာလနောက်ဆုံးပတ်အတွင်း အရပ်သား (၉)ဦး သေဆုံးကာ၊ (၁၇)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးရသူများတွင် သုံးနှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်သည့်အပြင် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများလည်း ပါဝင်သည်။

အဆိုပါကာလအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်အတွင်း နေအိမ်အလုံးပေါင်း (၅၀)၊ ဘုန်းကြီးကျောင်း (၃)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း၊ သကြားစက်ရုံ (၂)ရုံနှင့် သီးနှံစိုက်ခင်းလယ်ယာများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် Shan Human Rights Foundation က မှတ်တမ်းတင်ထားသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ (၂၉)ရက်မှ စက်တင်ဘာလ (၂၂)ရက်နေ့အတွင်း နောင်ချိုမြို့နယ်အတွင်း လက်ပံကုန်းရွာ၊ အင်ဝိုင်းရွာ၊ မဲဘုတ်ရွာ၊ အင်းဖိုရွာ၊ ရွှေမုဌောရွာ၊ ပန်တီးရွာ၊ နောင်ချိုမြို့ သပြေရေရပ်ကွက်၊ ရွှေမုဌောရွာတောင်ရပ်ကွက်၊ ဈေးရပ်ကွက်၊ ဘူတာရပ်၊ ဈေးရပ်၊ မြို့မဈေး၊ ရွှေမုဌောရွာ၊ ကျောင်းကုန်းရွာနှင့် သဖန်းရွာတို့ကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ရှုံးနိမ့်သည့်ဒေသများတွင် အရပ်သားနေရာများကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency