တာချီလိတ်ရွှေတိဂုံစေတီတွင် ပွဲကာလမဟုတ်ဘဲ ဆိုင်ကယ်များကို ရပ်နားခ (၁၀)ဘတ် ကောက်နေ၍ ဂေါပကအဖွဲ့ကို ဒေသခံများက ဝေဖန်နေ

တာချီလိတ်ရွှေတိဂုံစေတီတွင် ပွဲကာလမဟုတ်ဘဲ ဆိုင်ကယ်များကို ရပ်နားခ (၁၀)ဘတ် ကောက်နေ၍ ဂေါပကအဖွဲ့ကို ဒေသခံများက ဝေဖန်နေ
အောက်တိုဘာ 1, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီိလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီသို့ ဆိုင်ကယ်ဖြင့် လာရောက်သူ မှန်သမျှ ဆိုင်ကယ်ရပ်နားခဟုဆိုကာ ထိုင်းဘတ်ငွေ (၁၀)ဘတ် ကောက်ခံနေမှုနှင့်ပတ်သက်ပြီး ဂေါပကအဖွဲ့က စီးပွားရေးဆန်ဆန် လုပ်ဆောင်နေသည်ဟု  ဒေသခံများအကြား နာမည်ဆိုးနှင့်အတူ ပြောဆို ဝေဖန်မှုများ ထွက်ပေါ်နေသည်။



တာချီိလိတ်ရွှေတိဂုံစေတီတွင် ဆိုင်ကယ်များ မကြာခဏ ခိုးခံရမှုများရှိနေသည့်အတွက် ဂေါပကအဖွဲ့က ဆိုင်ကယ်များကို ယာဉ်ရပ်နားရန် နေရာပြုလုပ်ပြီး ညနေ(၃)နာရီက စ၍ ရောက်ရှိလာသည့် ဆိုင်ကယ်များကို  သတ်မှတ်ထားသည့် နေရာတွင် မဖြစ်မနေ ရပ်ရမည်ဖြစ်ပြီး ဆိုင်ကယ် တစ်ကြိမ် ရပ်ပါက ထိုင်းဘတ်ငွေ (၁၀)ဘတ် ကောက်ခံကြောင်း သိရသည်။

"ဘုရားပေါ် တက်သွားတာ ဆိုင်ကယ်ကို ရပ်ရမဲ့နေရာ ညွှန်တယ်။ ပြီးတော့ (၁၀)ဘတ် ကောက်တယ်။ ဪ.. ပွဲရှိလို့ ပွဲကာလမို့ အခုလို လုပ်တာလို့ပဲ ထင်နေတာ။ နောက်တော့ ဘယ်ဟုတ်မလဲ နေ့စဉ် လုပ်နေတာဖြစ်နေတယ်။ ပွဲကာလလိုမျိုး တစ်ဖွဲ့ဖွဲ့ကို ကန်ထရိုက်ပေးထားလို့ ကောက်တာမျိုးက အရင်က ရှိခဲ့ဖူးပါတယ်။ အခု ပွဲကာလမဟုတ်ဘဲ နေ့စဉ် လိုလို ဖြစ်နေတာ။ တစ်ကြိမ်ရပ်ခ (၁၀)ဘတ်ဆိုတာကတော့ အတော်များသွားပြီ။ ဒါက ဂေါပက အဖွဲ့က စီးပွားရေး လုပ်တာနဲ့ တူနေပြီ"ဟု  အမျိုးသမီးတစ်ဦးက ပြောသည်။



ဂေါပကအဖွဲ့၏ စီစဉ်ထားမှုမှာ ကောင်းသော်လည်း ငွေကြေးပေါ် အခြေခံထားသည့်အတွက် စေတနာမှန်သည့် လုပ်ရပ်မဟုတ်ဘဲ ဘုရားပေါ် လာသူများအတွက် စိတ်သဘောမတွေ့စရာဖြစ်သည်ဟု မြို့မိမြို့ဖတစ်ဦးက ထောက်ပြ ပြောဆိုလိုက်သည်။



"ဘုရားပေါ်က ကိစ္စ ကြားနေရပါတယ်။ အခုလို စီစဉ်ပေးထားတာ ကောင်းပါတယ်။ ဆိုင်ကယ်ပျောက်တဲ့ ဒဏ်ကို အကာအကွယ်ဖြစ်တာပေါ့လေ။ ဒါပေမဲ့ ဒီနေရာမှာ ဂေါပကအဖွဲ့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကတော့ ငွေကြေးကိစ္စပဲ။  (၁၀)ဘတ်အထိ ကောက်တာကတော့ စီးပွားရေးဆန်သလို ဖြစ်သွားသလို ဘုရားပေါ် လာတဲ့ လူတွေအတွက် ငှဲ့ညာစဉ်းစားပေးပုံမရဘူး။ ဘုရားပေါ် လာကြတယ်ဆိုတာက ဘုရားဖူးထက် ညနေပိုင်း စားစရာလာဝယ်စားသူတွေ ပိုများတယ်။ တစ်ကြိမ် (၁၀)ဘတ် မဖြစ်မနေ ကောက်လိုက်တော့ သူတို့ စားမဲ့ထဲက ပေးလိုက်ရသလို ဖြစ်သွားတယ်။ အဲ့တော့ ဘုရားပေါ် ညနေပိုင်း ဆိုင်ကယ်နဲ့ လာမယ်ဆိုရင် (၁၀)ဘတ် ပါမှ ရတော့မဲ့ အခြေအနေ ဖြစ်သွားပြီ။ ရွှေတိဂုံစေတီရဲ့ ရန်ပုံငွေတွေလည်း အများကြီး ရှိပါတယ်။ ဆိုင်ကယ်စောင့်ဖို့ လူတစ်ယောက်၊ နှစ်ယောက်စာရဲ့ လစာကို ဒီထဲက သုံးလိုက်တော့ ဘာများထိိခိုက်သွားမှာမို့လဲ။ ကျွန်တော်တို့လည်း အရင်လို ထွက်မပြောချင်တော့ဘူး။ အခုနောက်ပိုင်း လူတွေက အကျိူးစီးပွားရှာတာများလာတယ်" အမည်မဖော်လိုသည့် မြို့မိမြို့ဖတစ်ဦးက ထောက်ပြ ပြောဆိုသည်။



တာချီလိတ်ရွှေတိဂုံတွင် ရန်ပုံငွေအဖြစ် ဈေးဆိုင်ခန်းခများအပြင် ဈေးကောက်များနှင့်   အိမ်သာအသုံးပြုခ၊ ဖိနပ်အပ်ခများကနေလည်း ရရှိနေသည်။



"ဘုရားပေါ်မှာ အခုလို ဆိုင်ကယ်အစောင့်ထားဖို့ကတော့ မရှိမဖြစ် လိုအပ်တယ်။ ဝေဖန်သံတွေထွက်လာလို့ဆိုပြီး ဒီအစဉ်အကိုတော့ ရပ်ဆိုင်းလိုက်လို့မရဘူး။ ဒါပေမဲ့ ဘုရားပေါ်ကို လာတဲ့ လူကြီး လူငယ်တွေအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်အောင်တော့ သတိထားဆင်ခြင်ဖို့တော့ လိုတာပေါ့။ အဲ့လိုမဟုတ်ရင် ဘုရားပြပြီး စီးပွား ရှာသလိုဖြစ်နေလိမ့်မယ်။ ဒီနည်းလမ်းနဲ့ ငွေမရှာလည်း တခြား နည်းလမ်းတွေကနေ ဘုရားရန်ပုံငွေအတွက် ဝင်နေတာတွေရှိနေတာပဲ။   ကျွန်တော်တို့အနေနဲ့ကလည်း  ဘုရားပေါ်က အကြောင်းလည်း သိသင့်သလောက် သိပြီးသားပါ"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဂေါပကအဖွဲ့က ဆိုင်ကယ်ရပ်နားခ မပါလျှင် ပေးမဝင်သည့် အခြေအနေအထိ ရှိနေရာ အချို့ မိသားစုများမှာ ဆိုင်ကယ်ဖြင့် ရောက်လာခဲ့သော်လည်း ပိုက်ဆံမထည့်လာ၍ နောက်ပြန်လှည့်ရသည်များအထိ ရှိနေကြောင်းသိရသည်။



"ရွှေတိဂုံက ညဈေးလိုဖြစ်နေတော့ တခုခုစားမယ်ဆိုရင် အဲ့မှာပဲ သွားဝယ်စားကြတာများတယ်။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အခါကြီး ရက်ကြီး ပွဲမရှိလဲ ဆိုင်ကယ်ရပ်ခ(၁၀)ဘတ် ပေးနေရတယ်။ စားစရာ (၂၀) (၃၀)ဖိုးလောက် ဝယ်မယ်ဆိုရင် ဆိုင်ကယ်အပ်က က မဖြစ်မနေ (၁၀)ဘတ် ပေးရတော့ တော်တော်များများကလည်း လှည့်ပြန်တာများတယ်။ ကျွန်တော်လည်း မွေးကတည်းက ဒီမှာနေလာတာ။  အခုလိုမျိုး ကောက်တာက ပွဲရှိမှ ကောက်တာများတယ်။ အခုဟာက Public Area မှာ အမြဲကောက်နေတာကြီးက မဖြစ်သင့်ဘူး။ အခုက သူတို့ အဲ့လို ကောက်လို့ စည်သင့်သလောက် မစည်တော့ဘူး"ဟု လူငယ်တစ်ဦးက ပြောသည်။

 



"သူတို့က ပြောသေးတယ် ညနေ (၃)နာရီမှ စကောက်တာတဲ့။ ဗုဒ္ဓဘာသာနိုင်ငံမှာ ဆိုင်ကယ်နဲ့ ဘုရားပေါ်တက်တာကို (၁၀)ဘတ်ပေးရတယ်ဆိုတာကြီးက မဟုတ်သေးဘူ။ ပိုက်ဆံ မကောက်တဲ့အချိန်ကလည်း  နေ့လည်ကြီး ဘယ်သူက သွားမှာလဲ နေကလည်း အဲ့လောက်ပူပြင်းနေတာ ရင်ပြင် ပေါ်တောင် လမ်းကြာကြာမလျှောက်နိုင်ဘူး။ ပြီးတော့ အဲ့အချိန်ကလည်း အစားအသောက်ဆိုင်ခန်းတွေက (၂)ဆိုင် (၃)ဆိုင်ပဲရှိသေးတာ"ဟု ၎င်းက ပြောသည်။



တာချီလိတ်ရွှေတိဂုံတွင် အစည်ကားဆုံးအချိန်မှာ ညနေပိုင်းကနေ ပိတ်ချိန်အထိသာဖြစ်၍ ဆိုင်ကယ်ရပ်နားခကိုလည်း ညနေ(၃)နာရီက စပြီး ပိတ်ချိန်အထိ ကောက်ခံခြင်း ဖြစ်သည်။



"ဘုရားမှာ ရန်ပုံငွေ ဒီလောက်များတာ ဘယ်နေရာတွေမှာ သွားသုံးသလဲ။ ဘုရားပေါ်ကို လာတဲ့ ပြည်သူတွေ စိတ်နှလုံးချမ်းမြေ့ဖို့က အဓိက မလား။ အခုက ဘုရားကို ဘန်းပြပြီး လုပ်စားနေကြတယ်။ အိမ်သာလည်း ငွေပေးရ။ ဖိနပ်အပ်ခဆိုလည်း စေတနာရှိသလေက်တဲ့။ အခု ဆိုင်ကယ်နဲ့သွားရင်လည်း ရပ်နားခမပေးနိုင်ရင် ရှေ့ဆက်ပေးမသွားတော့အထိ ဖြစ်နေတယ်။ ဆိုင်ကယ်စောင့်ပေးတာကတော့ မဖြစ်မနေလိုပါတယ် အဲ့အတွက် လူတစ်ယောက် နှစ်ယောက်စာအတွက်ကတော့ ဘုရားရန်ပုံငွေထဲက သုံးလို့ရတာပဲ ဘယ်လောက်မှ ဆုတ်လျော့သွားတာမှ မဟုတ်တာ"ဟု ရွှေတိဂုံသို့ တစ်ပတ်လျှင် (၃)ကြိမ်ခန့်  ဆိုင်ကယ်ဖြင့် သွားရောက်လေ့ရှိသူ တစ်ဦးက ဆိုသည်။