ကျိုင်းတုံမြို့ကနေ တာချီလိတ်ကို လာရောက်ပြီး လနှင့်ချီ ဖြစ်သလို နေထိုင်ကာ တောင်းရမ်းစားသောက်သည့် အဖွဲ့ကို နေရပ် ပြန်ပို့

ကျိုင်းတုံမြို့ကနေ တာချီလိတ်ကို လာရောက်ပြီး လနှင့်ချီ ဖြစ်သလို နေထိုင်ကာ တောင်းရမ်းစားသောက်သည့် အဖွဲ့ကို နေရပ် ပြန်ပို့
ဇွန် 8, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်တွင် ကျိုင်းတုံကနေ အုပ်စုလိုက် လာရောက်ပြီး လနှင့်ချီ လှည့်လည်တောင်းရမ်းနေသည့် လူ(၄၀)နီးပါးကို တာချီလိတ်မြို့မှ တာဝန်ရှိသူများက စားစရာနှင့် ငွေကြေး အပါအဝင် ကားစီစဉ်ပေးပြီး နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

"ပါလျှံ လမ်းဆုံမှာ ဖြစ်သလိုနေပြီး လမ်းဘေး တောင်းစားတဲ့လူတွေကို   အောင်မြတ်ခန်းမကိုခေါ်ပြီး ညစာကျွေးပြီးတော့ တစ်ညအိပ်ခိုင်းပြီး ဒီမနက်မှာ ကျိုင်းတုံကို ပို့လိုက်ပါတယ်"ဟု တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

၂၀၂၄ခုနှစ် ဇွန်လ(၇)ရက်နေ့ ညပိုင်းက လူ(၃၀)ကျော်ကို ကားဖြင့် သွားရောက်ခေါ်ဆောင်ပြီး အောင်မြတ်ခန်းမတွင် တစ်ညထားရှိကာ ယနေ့ ဇွန်လ(၈)ရက်နေ့တွင် ၎င်းတို့၏ နေရပ်ဖြစ်သည့် ကျိုင်းတုံမြို့သို့ ကားဖြင့် ပြန်လည် ပို့ဆောင်ပေးလိုက်ကြောင်း နှင့် ၎င်းတို့အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ အချို့တို့ ပါဝင်ကူညီပေးခဲ့ကြကြောင်း သိရသည်။

ဇွန်လ(၇)ရက်နေ့ ညက ခေါ်ဆောင်ပြီး နေရပ်ပြန်ပို့လိုက်သူများတွင်  ကလေးနှင့်လူကြီး  အပါအဝင် စုစုပေါင်း (၃၅)ဦးရှိပြီး ယနေ့ ဇွန်လ(၈)ရက်နေ့တွင်လည်း ၎င်းတို့နှင့် ဆက်စပ်သည့် ကျန်ရှိသူများကိုလည်း နေရပ်ပြန်လည် ပို့ဆောင်ပေးနိုင်ရန် စီစဉ်နေလျှက်ရှိကြောင်းလည်း သိရသည်။

"သူတို့ဟာ တာချီလိတ်ကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေဆိုပြီး တချို့ ပြောကြတယ်။ တကယ်က စစ်ဘေးရှောင်တွေ မဟုတ်ဘူး။ ကျိုင်းတုံမြို့နယ်အတွင်းထဲက လူတွေပါ။ ရိုးရိုးရွာသားတွေပေါ့။ မိသားစုလိုက် အုပ်စုလိုက်ကို လာပြီး တောင်းရမ်းကြတာ။ သူတို့ တာချီလိတ်မှာ လာပြီး လမ်းဘေးမှာ ဖြစ်သလိုနေပြီးတော့ တောင်းရမ်းနေကြတာ (၂)လ (၃)လ ဝန်းကျင်လောက်ရှိပြီ။ သူတို့နေတဲ့ အနီးဝန်းကျင်မှာဆိုလည်း ညစ်ပတ်ရှုပ်ပွနေတာပဲ"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ကျိုင်းတုံမြို့ကနေ လာရောက်တောင်းရမ်းသည့် အုပ်စုအပြင် အညာဒေသ နယ်မြို့များကနေ လာရောက်ပြီး တောင်းရမ်းသူများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

"တာချီလိတ်မှာက နယ်တွေက လာပြီး တောင်းရမ်းတဲ့ အုပ်စု (၂)စု ရှိတယ်လို့ ပြောလို့ရနိုင်တယ်။ တစ်ဖွဲ့က ဒီနေ့ ပြန်ပို့လိုက်တဲ့ ကျိုင်းတုံက အဖွဲ့ပေါ့။ နောက်တစ်ဖွဲ့ကတော့ အညာဒေသတွေဘက်က လာတဲ့လူတွေလို့ ယူဆရတယ်။ ကြောပိုးအိတ်တွေလွယ်ထားပြီးတော့ ပတ်သွား ပတ်တောင်းရမ်းနေတာ။ ပြီးတော့ သူတို့လည်း လမ်းဘေးမှာ ဖြစ်သလိုနေကြတာပဲ။ အခု ကျန်နေသေးတဲ့ အဖွဲ့ကတော့ ကလေးတွေကိုပါ တောင်းရမ်းခိုင်းနေတာ အဲ့တော့ ကျန်တဲ့သူတွေကိုလည်း လူကယ်ပြန် ဌာနက တာဝန်ရှိသူတွေအနေနဲ့  ဆက်ပြီး ကူညီဆောင်ရွက်ပေးနိုင်ရင် ကောင်းမယ်"ဟု ဆန်ဆိုင်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် နယ်မြို့များကနေ အလုပ်အကိုင်အတွက် ရောက်လာပြီး ဒုက္ခရောက်နေကြသူများနှင့် ထိုင်းမြောက်ပိုင်းတွင် လဝကမှုဖြင့် ဖမ်းခံရပြီး တာချီလိတ်ဘက်သို့ ပြန်လည်ပို့ခံရပြီးနောက် နေရပ်ပြန်ရန် လမ်းစရိတ်မရှိ၍ သောင်တင်နေပြီး ဖြစ်သလို နေကြသူလည်း များစွာရှိနေကြောင်း သိရသည်။