ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့ ညပိုင်းတွင် ရေဆက်တက်နေပြီး ကျေးရွာအများစု ရွာလုံးကျွတ် ရေမြုပ်နေကာ ကယ်ဆယ်ရေး အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ဘီလူးချောင်းရေမြင့်တက်လာခြင်းကြောင့် လွိုင်ကော်မြို့တွင်းလည်း ကားများ ဖြတ်သွား၍မရသည်အထိ ဖြစ်နေပြီဟု ကူညီကယ်ဆယ်ပေးနေသူများက ဆိုသည်။
"ရေက တအားတက်နေတာ။ ကားတွေ မောင်းဖြတ်မရတော့ဘူး။ မနက်ဖြန်လောက်ဆို ပိုဆိုးနိုင်တယ်။ နှစ်ထပ်ဈေးတံတားမှာ နှစ်ပေလောက်ရှိတော့မယ်။ ဒီတိုင်း ဆက်တက်နေရင် ဂျပန်တံတားက နောက် (၂)ရက်လောက်ဆို ရေကျော်နိုင်တယ်။"ဟု ကူညီကယ် ဆယ်ပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် မှုံပြာ၊ ဘုရားဖြူ၊ ဘုရားနီ၊ ဖေါင်းတောနှင့် နမ့်ကွဒ်တို့မှာ ရွာလုံးကျွတ် ရေနစ်မြုပ်သွားပြီဖြစ်ပြီး နှစ်ထပ်အိမ်အမြင့်လောက်သာ အနည်းငယ်ကျန်တော့သည်ဟု သိရသည်။
"ခေါင်မိုးတောင် မမြင်ရတော့ဘူး။ ကယ်ဆယ်ရေးလုပ်ဖို့ ဘုတ်တွေလိုတယ်ဗျ။ ဘုတ်က (၄)စီးဘဲရှိတယ်။ လုပ်နေရတဲ့နေရာတွေက ပိုများနေတော့ မလောက်ဘူး။"ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခု ဖွင့်လှစ်ထားပြီး အခွန်ရုံးတွင်လည်း ထောက်ပံ့ရေးပစ္စည်း လက်ခံစခန်းဖွင့်ထား သည်ဟု သိရသည်။
#TachileikNewsAgency
Photo: CJ