ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ချယ်ရီကုန်းရွာရှိ ချယ်ရီကုန်းဈေးအနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ ခုနှစ် မတ်လ (၄)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြချသွားသည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချယ်ရီကုန်းဈေးအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် (၄)ကြိမ် လာရောက်ဗုံးကြဲချခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးသူမရှိသော်လည်း ဆိုင်ခန်းတချို့နှင့် ကားများထိမှန်ပျက်စီးသည်ဟု သိရသည်။
“လူထိခိုက်သေဆုံးတာမရှိဘူး။ ဗုံးစ စင်လို့ ကားမှန်တွေတော့ကွဲတယ်။ စားသောက်ဆို KVT ဆိုင် တခြမ်းထိတယ် ။ အခုတော့ ကလေးတွေလည်း ငိုကြ၊ စျေးဆိုင်တွေ ပိတ်ထားကြတယ်။”ဟု ချယ်ရီကုန်းဈေးမှ ဒေသခံတစ်ဦးက Tachielik News Agency ကိုပြောသည်။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်စဉ် ဒေသခံများနှင့် လမ်းသွားလမ်းလာပြည်သူများ ရေနုတ်မြောင်းများထဲ ဆင်းပြေး ပုန်းနေခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဟု ဆိုသည်။
“ပေါင် ၅၀၀ နှစ်လုံးပါတယ်လို့ ခန့်မှန်းကြတယ်။ ၂၀၀ နဲ့ ၃၀၀ အားလုံး ၈ လုံး ကြဲသွားတာ။ ၄ နေရာခွဲကြဲတာ။ တစ်နေရာထဲ ၈ လုံး ချတာမဟုတ်၊ ၁ မိုင်ပတ်လည်ကို ပတ်ချတာမျိုးပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောဆိုအချက်အရ ဈေးအနီးရှိ ဒေသခံများကို ကုသပေးနေသော ဒေသန္တရဆေးခန်းကို စစ်ကောင်စီဘက်က ပစ်မှတ်ထား၍ ဗုံးကြဲချခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency