လွိုင်ကော်မြို့ ရေဆက်တက်ကာ နေအိမ်များမြုပ်နေ

လွိုင်ကော်မြို့ ရေဆက်တက်ကာ နေအိမ်များမြုပ်နေ
စက်တင်ဘာ 24, 2024 | ကယား

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ကျေးရွာနှင့် မြို့ပေါ် ရပ်ကွက်တချို့ ရေနစ်မြုပ်နေကာ ဒေသခံများကို ကယ်ထုတ်နေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူများထံမှ သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် ရေ(၆)လက်မခန့်ဆက်တက်လာပြီး ရေထပ်မံတက်လာပါက မြို့တွင်းတံတားသွားလာနိုင်တော့မည်မဟုတ်သည့် အခြေအနေဖြစ်လာပြီဟုလည်း ၎င်းတို့က ဆိုသည်။

“နောက်နှစ်ရက်လောက် ရေဆက်တက်လာရင် မြို့လယ်တံတားက ဖြတ်လို့ရတော့မှာမဟုတ်ဘူး။ အခုက မြို့ ပေါ် ရပ်ကွက်တချို့က လူတွေကိုလည်း ကယ်ထုတ်ရပြီ။ မှုံပြာဆိုရင်လည်း (၁၀)အိမ်လောက်ပဲကျန်တော့တယ်။ ကျန်တဲ့အိမ်တွေ မြုပ်ကုန်ပြီ။”ဟု ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေတက်လာပြီး ရပ်ကွက်နှင့် ကျေးရွာများသည် စက်တင်ဘာလ (၁၅)ရက်နေ့က စတင်ကာ ရေမြုပ်နေခြင်းဖြစ်ပြီး ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်ကို မေးမြန်းနိုင်ခြင်းမရှိသေးပါ။

 

#TachileikNewsAgency