တောင်သာမြို့နယ်တွင် တော်လှန်ရေး ရဲဘော် ၄ ဦး နှင့် အရပ်သားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်အပါ နှစ်ဦး သေဆုံး

တောင်သာမြို့နယ်တွင် တော်လှန်ရေး ရဲဘော် ၄ ဦး နှင့် အရပ်သားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်အပါ နှစ်ဦး သေဆုံး
စက်တင်ဘာ 21, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း တောင်သာမြို့နယ်တွင် တော်လှန်ရေး ရဲဘော်(၄)ဦးနှင့် အရပ်သားတစ်ဦးတို့ ဖမ်းဆီးခံရကာ စစ်ကောင်စီတပ်က သတ်ဖြတ်ကြောင်း မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံမှ သိရသည်။ 

၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့က တောင်သာမြို့နယ် ခြုံကြီးကျေးရွာတွင် မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းမှ ရဲဘော်(၂)ဦး၊ မြင်းခြံခရိုင် ပကဖ တာဝန်ခံ၊ တောင်သာမြို့နယ် ပကဖ ရဲဘော်(၁)ဦးနှင့် နယ်ခံ(၁)ဦးတို့ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ 

တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန်တွင် အလစ်ငိုက်ဖမ်းဆီးခံရခြင်းကြောင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်ဘက်က Jet Fighter (၁)စီး၊ Mi-35 (၁)စီးတို့ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ခြုံကြီးရွာမှ ဒေသခံ ကိုယ်ဝန်ဆောင်မိခင် (၁)ဦးနှင့် အရပ်သား (၁)ဦး သေဆုံးသွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များမှာ ဖမ်းဆီးခံထားရသော ရဲဘော်များအား ကယ်ချိန်မရတော့၍ နောက်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသော မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှ စစ်ထောက်လှမ်းရေးအရာရှိ အောင်မင်းသန့်(ခ)ဖက်တီး၊ ရဲဘော် မိုးလင်း(ခ)ရွှေခြုံ၊ မြင်းခြံခရိုင် ပကဖတာဝန်ခံ ကိုလှမျိုးကျော်(ခ)ကိုET၊ တောင်သာမြို့ နယ်ပကဖမှ ရဲဘော် ဘောကြီး၊ ခြုံကြီးရွာ ဒေသခံတစ်ဦးတို့ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံရပြီးအလောင်းများကို ဘုန်းကြီးကျောင်းတွင် ထားခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency