အိန္ဒိယဘက်မှ မုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့် ချင်း ၊ရခိုင်ပြည်နယ်တို့တွင် မိုးသက်လေပြင်း တိုက်ခတ်နိုင်

အိန္ဒိယဘက်မှ မုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့် ချင်း ၊ရခိုင်ပြည်နယ်တို့တွင် မိုးသက်လေပြင်း တိုက်ခတ်နိုင်

 အိန္ဒိယနိုင်ငံဘက်မှ အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်း နှင့် ရခိုင်ပြည်နယ်တို့တွင်  ယနေ့နံနက်မှ နောက်တစ်ရက်အတွင်း မိုးသည်းထန်ကာ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့ နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းကြောင့် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။

မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း လှိုင်းအမြင့် (၇)ပေမှ (၉)ပေအထိ တက်နိုင်၍ ကမ်းနီး၊ ကမ်းဝေး ရေယာဉ်များ၊ သင်္ဘောများနှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးတို့တွင်လည်း ကြိုတင်သတိပြုကြရန် သတိပေးထားသည်။



မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ ဘားအံမြို့နယ်၊ တောင်ငူမြို့နယ်နှင့် မဒေါက်မြို့များတွင် မြစ်ရေများသည် စိုးရိမ်ရေမှတ်အထက် တစ်ပေမှ လေးပေကျော်အထိ မြင့်တက်နေပြီး မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေ ဆက်တက်နိုင်သည်ဟု သတိပေးထားသည်။

အလားတူ တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာမည့် လေဖိအားနည်းရပ်ဝန်းကြောင့် စက်တင်ဘာလ (၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ ကယား(ကရင်နီ) ပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးများနိုင်ပြီး ကရင်ပြည်နယ် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

လက်ရှိတွင်လည်း ယာဂီတိုင်ဖွန်းအရှိန်ကြောင့်  နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ရှိ မြို့နယ်ပေါင်း (၅၉)ခုတွင် ရေဘေးသင့်နေပြီး ယခုအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေကြရဆဲဖြစ်သည်။

#TachileikNewsAgency