စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုဖြင့် ဖမ်းဆီးခံရသူ ၁၇၀၀ ခန့် ရှိလာ

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုဖြင့် ဖမ်းဆီးခံရသူ ၁၇၀၀ ခန့် ရှိလာ
စက်တင်ဘာ 16, 2024 | 2021 Military Coup

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားပြောဆို ဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၆၉၁ ဦး  ရှိနေပြီဖြစ်ကြောင်း Data For Myanmar ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသူဦးရေ သိသိသာသာများခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း၌ ဖမ်းဆီးမှုများ သိသိသာသာလျော့ကျခဲ့ကာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြို့နယ် (၂၄)မြို့နယ်က အွန်လိုင်းအသုံးပြုသူ (၃၃)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ မြို့နယ်ပေါင်း (၂၂၀)တွင် ဖမ်းဆီးအရေးယူမှုများရှိခဲ့ပြီး ပဲခူးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့သည် အဖမ်းအဆီးများသည့် မြို့နယ်များဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ အများစုသည် Facebook ပေါ်တွင် ရေးသားမျှဝေခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး တခြားအွန်လိုင်း ပလက်ဖောင်းများဖြစ်သည့် TikTok , Telegram , Viber များပေါ်တွင် ရေးသားမျှဝေခြင်းများကြောင့် ဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။

သုံးနှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံရသူ ၁၇၀၀ ခန့်အနက် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းက အွန်လိုင်းအသုံးပြုများမှာ အများဖြစ်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း (၈၀၆) ဦး ရှိကြောင်း သိရသည်။

ပျှမ်းမျှအားဖြင့် တလလျှင် အွန်လိုင်းအသုံးပြုသူ (၅၄) ဦးခန့် လစဉ်ဖမ်းဆီးခံနေရခြင်းဖြစ်ပြီး အွန်လိုင်းအသုံးပြုများအနေဖြင့် အွန်လိုင်းပေါ်တွင် ကိုယ်ပိုင် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဘေးကင်းလုံခြုံမှုရှိအောင် သတိထားသုံးစွဲရန်နှင့် ခရီးမသွားမီ ကိုယ်ပိုင် အချက်အလက်လုံခြုံရေးနှင့် ဘေးကင်းလုံခြုံရေး အစီအမံများ သေချာပြင်ဆင်ထားသင့်ကြောင်း Data For Myanmar က အကြံပြုထားသည်။

#TachileikNewsAgency