တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်ဝမ်မိုင်တွင် နေအိမ်ပေါ် မြေပြိုမှုကြောင့် လူ(၃)ဦးသေဆုံးကာ (၄)ဦး ပျောက်ဆုံးနေ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်ဝမ်မိုင်တွင် နေအိမ်ပေါ် မြေပြိုမှုကြောင့် လူ(၃)ဦးသေဆုံးကာ (၄)ဦး ပျောက်ဆုံးနေ
စက်တင်ဘာ 12, 2024 | ရှမ်းရှေ့

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်အပိုင်း ဝမ်မိုင်ရှိ ရာဘာခြံတောင်ကနေ  နေအိမ်ပေါ် မြေပြိုလာမှုများကြောင့် လူ(၃)ဦးသေဆုံးပြီး (၄)ဦး ပျောက်နေသော်လည်း သက်ဆိုင်ရာများမှာ ရှာဖွေကယ်ဆယ်ရေးများ လာရောက် လုပ်ဆောင်ခြင်းမရှိဟု  သိရသည်။

အဆိုပါ ဖြစ်စဉ်သည်   ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။



မြေပြိုမှုကြောင့် လူကြီး(၂)ဦး နှင့် ကလေး(၁)ဦး စုစုပေါင်း (၃)ဦး သေဆုံံးသွားကြောင်းနှင့်  သေဆုံးသူ လူကြီးတစ်ဦးမှာ အသက်(၇၀)ကျော်ရှိပြီး ၎င်းသည် ဆေးရုံရောက်မှ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြေပြိုပြီး ပိနေ၍ ယနေ့ စက်တင်ဘာလ(၁၂)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ ရှာဖွေ မတွေ့ရသေးသူမှာ (၄)ဦးရှိနေပြီး (၄)ဦးတွင် သားအမိ(၂)ဦး ပါဝင်ကြောင်း သိရသည်။



မြေပြိုမှု ဖြစ်စဉ်ဖြစ်ပွားသည့် နေရာတွင် လူ(၄)ဦးမှာ မြေကြီးများဖြင့် ပိနေသော်လည်း ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ သက်ဆိုင်ရာများမှ လာရောက်ပြီး ရှာဖွေ ကယ်ဆယ်ရေး  လုပ်ဆောင်ခြင်း မရှိကြောင်း သိရသည်။

"ဘယ်သူမှ လာတာမတွေ့ဘူး။ တခြားအဖွဲ့အစည်းတွေ လာတာလည်း မတွေ့ရဘူး။ အဲ့က လူတွေ သူတို့ဘာသာ ကိုယ်ထူကိုယ်ထ ရှာဖွေနေကြရတယ်။  တချို့ မိသားစုတွေလည်း အဲ့မှာ  ပြန်တွေ့မလား တွေ့မလားဆိုပြီး စောင့်နေကြတာ။ လူ(၄) (၅)ယောက် ပေါက်တူးလေးတွေနဲ့ တူပြီး ရှာနေကြတာ တွေ့ရတယ်။ မြေပြိုတာကတော့ တော်တော်ဆိုးဆိုးရွားရွားပဲ ဟိုးတောင်ထိပ်ကနေ ပြိုကျတာ"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ စက်တင်လာ(၁၂)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

လက်ရှိ၌ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ထိခိုက်ဒဏ်ရာရရှိသူ (၈)ဦးမှ (၁၀)ဦးဝန်းကျင်အထိ ဆေးကုသမှု ခံယူနေရကြောင်း နှင့် မြေပြိုမှုကြောင့် နေအိမ်(၁၀)ဝန်းကျင် မြေပိခံရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၂)ရက်နေ့အထိ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် နေအိမ်များစွာ ရေနစ်မြုပ်ပြီး ပြိုကျပျက်စီးမှုများ၊ ကားနှင့်ဆိုင်ကယ် ထိခိုက်ပျက်စီးမှုများ အပြင် မြေပြိုမှုကြောင့် နေအိမ်များ ထိခိုက်မှုကနေ လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့သည်။

တာချီလိတ်မြို့တွင် သဘာဝဘေးကြောင့် လူထိခိုက်သေဆုံးမှုအနေဖြင့် စက်တင်ဘာလ(၁၁)ရက်နေ့က ဖန်မင်ကျေးရွာအုပ်စုအတွင်း စိတ်မနှံ့သည့် အမျိုးသားတစ်ဦး ရေထဲမျောပါ သေဆုံးသွားသလို ယခု ပုန်းထွန်ရပ်ကွက်အတွင်း၌လည်း လူ(၃)ဦး မြေပိပြီး သေဆုံးခဲ့ရသည်။

တာချီလိတ်မြို့၏ ရေကြီးရေလျှံမှု အခြေနေမှာ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ ရေများ နည်းနည်းစီ ပြန်လည်ကျသွားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် ရပ်ကွက်တော်တော်များများတွင် လျှပ်စစ်မီးများ ဖြတ်တောက်ထားရသလို ဆက်သွယ်ရေဖုန်းလိုင်းများလည်း ပြတ်တောက်နေ၍ အဝေးရောက်မိသားစုများမှာ စိုးရိမ်ပူပန်မှုများရှိခဲ့သည်။