မဲခေါင်မြစ်ရေတိုး မည်ဖြစ်၍ လာအိုဘက် ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်းရှိ မြန်မာများကို အထူး သတိပေးထား

မဲခေါင်မြစ်ရေတိုး မည်ဖြစ်၍ လာအိုဘက် ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်းရှိ မြန်မာများကို အထူး သတိပေးထား
စက်တင်ဘာ 11, 2024 | နိုင်ငံတကာသတင်း

 မြန်မာ - လာအို - ထိုင်း တြိဂံဒေသ လာအိုဘက် ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ ရွှေ့ပြောင်းမြန်မာလုပ်သားများကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၃)နာရီတွင် မဲခေါင်မြစ်ရေ ဒီထက် ပိုတိုးလာမည်ဖြစ်သည့်အတွက် သတိထားကြရန် ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းတွင် လိုက်လံ အသိပေးနေကြောင်း သိရသည်။

"မနက်ခင်း (၃)နာရီ အချိန်ပိုင်းတွင် မြစ်ရေတိုးမှာ ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အသွားအလာ ဆင်ခြင်ကြပါရန် သတိပေးအကြောင်းကြား အပ်ပါသည် ခင်ဗျာ"ဟု အသံချဲ့စက်ဖြင့် လိုက်လံ အော်ကာ အသိပေးနေကြောင်း သိရသည်။

"ကျွန်မတို့ အခု လာအိုဘက်မှာလည်း မနက် (၃)နာရီကျရင် သတိထားဖို့ ပြောလာပါတယ်။ စိုးရိမ်စရာအခြေအနေ ဖြစ်လာနိုင်တဲ့အကြောင်းကို ကြေငြာနေတဲ့အတွက် မြန်မာဘက်ကမ်းက လူတွေလည်း မသိလောက်သေးဘူး"ဟု လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း အလုပ် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တစ်ဦးက Tachileik News Agency သို့ ဆက်သွယ် အသိပေးလာသည်။

မြစ်ရေတက်လာမည့် အခြေအနေများနှင့် ပတ်သက်ပြီး ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း နေထိုင်ကြသည့် မြန်မာများ အပါအဝင် အားလုံးကို မိမိတို့၏ အသုံးဆောင် ပစ္စည်းများကို ထုပ်ပိုးထားပြီး အမြင့်တွင်ထားရှိရန်နှင့် အမြန်ရွှေ့ပြောင်းရန်အတွက် ယူဆောင်ရ လွယ်ကူစေရန် ပြင်ဆင်မှုများ ပြုလုပ်ထားရေး ရွှေတြိဂံအထူးစီးပွားရေးဇုန်၏ တာဝန်ရှိသူများက အသိပေးထားရှိကြောင်းလည်း သိရသည်။

မဲခေါင်မြစ်ရေမှာ လက်ရှိတွင် သတ်မှတ် ရေမှတ်ထက် ပိုမိုလွန်ကဲနေသည်ဖြစ်ရာ မြစ်ရေတိုးလာပါက မယ်ဆိုင်ချောင်းရေမှာလည်း မဲခေါင်မြစ်အတွင်းသို့ စီးဆင်းနိုင်ခြင်းမရှိပါက ချောင်းဘေးတလျှောက်ရှိ မြို့နှင့်ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ပိုမို ဆိုးရွားလာနိုင်သည်။

လက်ရှိတွင် လာအ မြန်မာ - လာအို - ထိုင်း တြိဂံဒေသ အတွင်း နယ်စပ်မြို့များတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းအထိ ရေကြီးရေလျှံမှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည်။