မန္တလေးတိုင်းဒေသအတွင်း ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့နိုင်ရန်အတွက် တာချီလိတ်မြို့မှ တာ့ဟွာ တရုတ်ဘုံကျောင်းမှ ဦးဆောင်ပြီး စေတနာရှင်များနှင့် စုပေါင်းကာ လှူဒါန်းသည့် ကျပ်သိန်း(၃,၀၀၀)ဝန်းကျင်တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့ ၂၀၂၅ခုနှစ် ဧပြီလ(၁)ရက်နေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ အပါအဝင် စားနပ်ရိက္ခာများ နှင့်အတူ ကူညီကယ်ဆယ်ရေးတွင် ပါဝင်လုပ်ဆောင်နိုင်ရန်အတွက် လူအင်အား (၃၄)ဦးသည် (၁၂)ဘီး ယာဉ်(၂)စီး ယာဉ်တန်းနှင့်အတူ လိုက်ပါသွားကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများတွင် လက်ရှိလိုအပ်နေသည့် လူသေအလောင်းများထည့်ရန် အိတ်( Dead body bag) နှင့် လက်အိတ်များ အပါအဝင် ဆေးဝါးနှင့် သောက်ရေသန့်များ အဓိက ပါဝင်သည်ဟု သိရသည်။
“ အခုတကယ် လိုနေတဲ့ Dead body ထည့်ဖို့ အိတ် (၁)ထောင်၊ Dead bodyတွေကို သယ်ဆောင်တဲ့အခါ ကိုင်ဖို့ လက်အိတ်(၃)ထောင်၊ အစာခြောက်တွေ၊ သောက်ရေသန့်၊ ဆေးဝါး၊ ဓာတ်ဆားရည် အကုန်ပါတယ်။ ကျွန်တော်တို့ ထပ်လှူမှာပါ ။”ဟု တာ့ဟွာ ဘုံကျောင်း ဥက္ကဌဖြစ်သူ သီရိသုဓမ္မမဏိဇောတဓရ ဦးလှအေး(ခ) ဦးအားတီ ပြောကြားထားသည်။
ထပ်မံလိုအပ်လာပါက ဆက်လက်ပေးပို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း နှင့် မန္တလေးရှိ တရုတ်ဘုံကျောင်းနှင့် ဆက်သွယ်ကာ ပေးပို့ လှူဒါန်းခြင်း ဖြစ်ကြောင်းလည်း သိရသည်။
တာချီလိတ်မြို့တွင် ငလျင်ဘေးသင့် ပြည်သူများအတွက် ပထမဆုံးအနေဖြင့် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက သွားရောက် ကူညီမှုများ လုပ်ဆောင်နေသလို အချို့လူမှုရေးအသင်းအဖွဲ့များ နှင့် စေတနာရှင် အစုအဖွဲ့များကလည်း သွားရောက် ကူညီနိုင်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
တာချီလိတ်မြို့တွင် ငလျင်ဘေးသင့်ပြည်သူများအတွက် အရပ်ဖက် အဖွဲ့အစည်းများကလည်း အလှူခံမှုများရှိနေသလို ခရိုင်/မြို့နယ်အဆင့်အနေဖြင့်လည်း တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် အလှူခံမဏ္ဍာပ်ဖွင့်လှစ်ကာ အလှူငွေများ လက်ခံပေးနေကြောင်းလည်း သိရသည်။