တာချီလိတ်ခရိုင်တွင် စနစ်သစ်အသုံးပြု၍ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရန် သင်တန်းစတင်ပို့ချ
ကြားဖြတ်သန်းခေါင်စာရင်းကို စာရွက်ဖြင့်ကောက်ခံတော့မည်မဟုတ်ဘဲ Mobile Tablet အသုံးပြုပြီး ကောက်ယူမည်ဖြစ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်တို့၌ စာရင်းကောက်ယူမည့်သူများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့မှစ၍ (၁၀)ရက်သင်တန်းပို့ချပေးနေပြီ ဖြစ်သည်။
ဟု တာချီလိတ်ခရိုင် လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က သင်တန်းဖွင့်ပွဲတွင် ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပခြင်းဖြစ်ပြီး နည်းပညာအသစ်အား အသုံးပြု၍ စာရင်းကောက်ယူခြင်းကို တာချီလိတ်ခရိုင်အတွင်း ကောက်ကွက်ပေါင်း (၁၀၉)ကွက်သတ်မှတ်၍ စာရင်းစစ် (၁၆)ဦးနှင့် စာရင်းကောက် (၅၄)ဦး အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“အခုလို Mobile Tablet အသုံးပြုပြီး ခေတ်မီ CAP စနစ်ဖြင့် စာရင်းကောက်ယူမှုသည် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက် နေပြည်တော်ရုံးချုပ်နဲ့ ဝေးလံတဲ့ဒေသများတွင် စာရင်းကောက်ယူရာမှာ တွေ့ကြုံလာမယ့် အခက်အခဲများရှိနိုင်သော်လည်းပဲ အဆင်ပြေချောမွေ့စွာ ဖြေရှင်းဆောင်ရွက်နိုင်ကြမယ်လို့လည်း ယုံကြည်မျှော်လင့်မိပါတယ်”
ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။
တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့နယ်တွင် ကောက်ကွက် (၃၂)ကွက်၊ မိုင်းဖြတ်မြို့နယ်၌ ကောက်ကွက် (၆)ကွက်နှင့် မိုင်းယောင်းမြို့နယ်၌ ကောက်ကွက် (၇)ကွက် သတ်မှတ်ထားပြီး စာရင်းကောက်ကွက် (၁)ကွက်တွင် အိမ်ထောင်စု (၃၅)စု ပါဝင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓါတ်ပုံ -ကျော်ဇင်ဟိန်း