တာချီလိတ်မြို့ အပါအဝင် ရှမ်း(ရှေ့)တွင် စက်တင်ဘာလ(၁၃)ရက်နေ့အထိ မိုးများပြီး ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပွားနိုင်

တာချီလိတ်မြို့ အပါအဝင် ရှမ်း(ရှေ့)တွင် စက်တင်ဘာလ(၁၃)ရက်နေ့အထိ မိုးများပြီး ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပွားနိုင်
စက်တင်ဘာ 10, 2024 | ရှမ်းရှေ့

တရုတ်နိုင်ငံကို တိုက်ခတ်နေသည့် YAGI မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ အထိ မိုးများနေမည်ဖြစ်ပြီး တာချီလိတ် နှင့် မယ်ဆိုင်အကြာဂရှိ  မယ်ဆိုင်ချောင်းရေ မြင့်တက်နေနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင် ကပြောသည်။

၂၀၂၄ခုနှစ် စက်တက်ဘာလ(၁၂)ရက်နေ့ နှင့် (၁၃)ရက်နေ့  နောက်ပိုင်း တောင်တရုတ်ပင်လယ်ဘက်တွင် လေဖိ အားနည်းရပ်ဝန်း ဆက်ဖြစ်နေခြင်းရှိပြီး အရှေ့လေပွေလှိုင်းနှင့် မိုးတိမ်များ ဆက်ဝင်နေပါက ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း  မိုးဆက်လက်ရွာနိုင်သည်ဟုလည်း ဆိုသည်။

 

"YAGI အရှိန်ကြောင့် မိုးအရမ်းများတာတော့ စက်တင်ဘာလ(၁၂- ၁၃)လောက်မှာ ပြီးပါပြီ။ (၁၃)ရက် နေ့အထိ မယ်ဆိုင်ချောင်းရေ မြင့်တက်နေနိုင်ပါတယ်။"ဟု ဦးဝင်းနိုင်က Tachileik News Agency ကို ပြောသည်။



လက်ရှိတွင် YAGI အကြွင်းအကျန် မိုးတိမ်များသည် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်ဘက်သို့ ဆက်ရွေ့နေခြင်းကြောင့် အဆိုပါဒေသများတွင် မိုးဆက်များမည်ဟု ဆိုသည်။

ရှမ်းအရှေ့တွင် YAGI အရှိန်ကြောင့် လက်ရှိတွင် မြို့နယ်အများစု မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခြင်းများဖြစ်ပွားနေကာ တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ မယ်ဆိုင်ချောင်းရေမှာလည်း ဆက်လက်မြင့် တက်နေသည်။