လာနီညာကြောင့် ထိုင်းနိုင်ငံတွင် နောက်နှစ်အထိ မိုးများပြီး ဘန်ကောက်နှင့် ဆမွတ်ပရာကန်တွင် ရေကြီးရေလျှံမှု ပိုမိုဖြစ်ပေါ်နိုင်

လာနီညာကြောင့် ထိုင်းနိုင်ငံတွင် နောက်နှစ်အထိ မိုးများပြီး ဘန်ကောက်နှင့် ဆမွတ်ပရာကန်တွင် ရေကြီးရေလျှံမှု ပိုမိုဖြစ်ပေါ်နိုင်
သြဂုတ် 20, 2024 | နိုင်ငံတကာသတင်း
By Mr John

လာနီညာ ရာသီဥတုဖြစ်စဥ်ကြောင့် ဘန်ကောက်နှင့် ဆမွတ်ပရာကန်ကဲ့သို့ ထိုင်းနိုင်ငံတဝန်း မြေနိမ့်ပိုင်း ဒေသများတွင် ရေကြီးရေလျှံမှု  ပိုများလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့တွင် သတိပေးထားသည်။ 

လာနီညာကြောင့် နိုင်ငံတဝန်း မိုးရွာသွန်းမှု ပိုများလာနိုင်ရာ ရေကြီးရေလျှံမှု လျော့နည်းစေရန် လုံလောက်သော စီမံဆောင်ရွက်မှုများ လုပ်ဆောင်ရန် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ Sonthi Kotchawat က ဆိုရှယ်မီဒီယာတွင် ထိုင်းအစိုးရကို တောင်းဆိုထားသည်။

အထူးသဖြင့် ဘန်ကောက်နှင့် ဆမွတ်ပရာကန်မှာ ကမ်းရိုးတန်းနှင့် နီးကပ်ပြီး အထပ်မြင့် အဆောက်အအုံများ ထူထပ်ရာ ထိုအခြေအနေက လေတိုက်နှုန်း လျော့နည်းစေသောကြောင့် မိုးသည်းထန်မှု ပိုမိုဖြစ်ပေါ်နိုင်ကာ ရေကြီးရေလျှံမှု အန္တရာယ်ရှိသည်။ 

ထို့အပြင် ဘန်ကောက်နှင့် ဆမွတ်ပရာကန်၏ တည်နေရာမှာ အလယ်ပိုင်းလွင်ပြင်ရှိ အခြား ပြည်နယ်များနှင့် နှိုင်းယှဥ်ပါက အထူးသဖြင့် ဩဂုတ်လနှင့် အောက်တိုဘာလအတွင်း အထက်ပိုင်း ပြည်နယ်များမှ စီးဆင်းလာသော ရေများ ပိုမိုရောက်ရှိကြောင်းနှင့် ထိုကာလမှာ မုတ်သုန်မိုး အသည်းထန်ဆုံး ရွာသွန်းလေ့ရှိကြောင်း သိရသည်။

ချောင်ဘူရီ၊ ရရောင်း၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင် အပါအဝင် ပြည်နယ်များတွင် ပျမ်းမျှ မိုးရေချိန်ထက် ပိုမိုရွာသွန်းထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ရေကြီးရေလျှံမှု တားဆီးကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတက်ကြွစွာ လုပ်ဆောင်ရမည်ဟု Sonthi က ပြောထားသည်။ 

ထိုင်းနိုင်ငံတဝန်း ၂၀၂၄ ခုနှစ် မေလ (၂၀) ရက်မှ ဩဂုတ်လ (၁၅) ရက်အတွင်း ပျမ်းမျှ မိုးရွာသွန်းမှု ပမာဏမှာ ၂၀၂၃ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဥ်ပါက ပိုများကြောင်းနှင့် ပြည်နယ် (၃၇) ခုတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

လာနီညာ ရာသီဥတုဖြစ်စဥ်မှာ ယခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ပြီး အာဖရိက တောင်ပိုင်း၊ အရှေ့တောင်အာရှနှင့် ဩစတြေးလျတို့တွင် ဒီဇင်ဘာလမှ နောက်နှစ် ဩဂုတ်လအထိ ပျမ်းမျှ မိုးရေချိန်ထက် ပိုများနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူများက ပြောသည်။ 

ထိုအခြေအနေအရ ယခုနှစ်၏ အေးသော ရာသီမှာ ပုံမှန်ထက် ပိုအေးပြီး စိုစွတ်ဖွယ်ရှိကြောင်း Sonthi က ဆိုသည်။

ထိုင်းနိုင်ငံ မိုးလေဝသဌာန Thai Meteorological Department (TMD) ၏ ထုတ်ပြန်ချက်အရလည်း လာနီညာဖြစ်စဥ်က ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် အစောပိုင်းအထိ မိုးရွာသွန်းမှုအပေါ် သက်ရောက်မှုရှိပြီး မုတ်သုန်ရာသီတစ်လျှောက် နိုင်ငံတဝန်း မိုးသည်းထန်မှုနှင့်အတူ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ပြင်းထန်သော အပူပိုင်းမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

 

Source: Bangkok Post