အမေရိကန်တွင် ခရစ်စမတ်မတိုင်မီ ဆောင်းတွင်းမုန်တိုင်းကြောင့် အလွန်အေးခဲပြီး ရာသီဥတုပြင်းထန်၍ လေယာဉ်ခရီးစဉ် (၅၀၀၀)ကျော် ဖျက်သိမ်းခဲ့ရ

အမေရိကန်တွင် ခရစ်စမတ်မတိုင်မီ ဆောင်းတွင်းမုန်တိုင်းကြောင့် အလွန်အေးခဲပြီး ရာသီဥတုပြင်းထန်၍ လေယာဉ်ခရီးစဉ် (၅၀၀၀)ကျော် ဖျက်သိမ်းခဲ့ရ
ဒီဇင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John



အမေရိကန်၏ နေရာအများစုတွင် ကြီးမားသည့် ဆောင်းတွင်းမုန်တိုင်းနှင့်အတူ အလွန်အေးခဲနေပြီး နိုင်ငံ၏ သုံးပုံနှစ်ပုံကို ရာသီဥတုပြင်းထန်မှု သတိပေးချက်များ ထုတ်ပြန်ထားကြောင်းနှင့် သန်းနှင့်ချီသည့် အမေရိကန်များအတွက် ခရီးသွားအစီအစဥ်များ အခက်တွေ့စေကြောင်း သိရသည်။ 

ရာသီဥတုအခြေအနေကြောင့် ဒီဇင်ဘာလ (၂၂) ရက်နှင့် (၂၃) ရက်နေ့အတွက် လေယာဥ်ခရီးစဥ် (၅,၀၀၀) ကျော် ဖျက်သိမ်းခဲ့ရပြီး ချီကာဂိုရှိ အဓိက လေဆိပ်ကြီး (၂) ခုမှ ခရီးစဥ် (၁,၃၀၀) နီးပါးလည်း ပါဝင်ခဲ့ကြောင်း လေကြောင်းပျံသန်းမှုဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ဖော်ပြသည့် FlightAware ၏ စာရင်းများအရ သိရှိရသည်။



ခရစ်စမတ်အားလပ်ရက်သတ္တပတ် ရောက်ရှိတော့မည့်အချိန် ဒီဇင်ဘာလ (၂၃) ရက်တွင် ဆောင်းတွင်းမုန်တိုင်းမှာ ပို၍ပင် အားကောင်းလာကြောင်း CNN သတင်းက ဖော်ပြသည်။

မုန်တိုင်းအခြေအနေမှာ "bomb cyclone" ခေါ် ဆောင်းရာသီတွင် ဖြစ်ပေါ်သည့် ဟာရီကိန်းမုန်တိုင်းတစ်ခုအဖြစ် အားကောင်းလာမည်ဟု ခန့်မှန်းထားပြီး အိုဟိုင်းယိုးပြည်နယ် Plains and Great Lakes ဒေသမှ မစ္စစ္စပီချိုင့်ဝှမ်း အထက်ပိုင်းနှင့် နယူးယော့ခ်ပြည်နယ် အနောက်ပိုင်းအထိ နှင်းများထူထပ်စွာ ကျရောက်မည်ဟု ဆိုသည်။ 

လေပြင်းတိုက်မှုကြောင့် အလွန်ပြင်းထန်သည့် အေးခဲမှုမှာ တောင်ပိုင်းစွန်း အမေရိကန်-မက္ကစီကို နယ်စပ်အထိ ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည်။ 

ပင်လယ်ကွေ့ ပြည်နယ်များဖြစ်သည့် တက္ကဆက်၊ လူဝီစီးယားနား၊ အလာဘားမားနှင့် ဖလော်ရီဒါတို့တွင် အလွန်အမင်း အေးခဲမှု သတိပေးချက်များကို သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ 

ပြင်းထန်သည့် ရာသီဥတုကို အမေရိကန်လူဦးရေ သန်း (၁၀၀) ကျော် ကြုံရမည်မည်ဖြစ်ပြီး နှစ်ပေါင်း (၃၀) အတွင်း အအေးဆုံး ဆောင်းရာသီ ဖြစ်နိုင်သည်ဟု ဆိုသည်။

ဒီဇင်ဘာလ (၂၂) ရက် ညပိုင်းအထိ အောက်ပိုင်းပြည်နယ် (၄၈) ခုအနက်မှ အများစု၊ ဝါရှင်တန်မှ ဖလော်ရီဒါအထိ အမေရိကန်လူဦးရေ၏ (၆၀) ရာခိုင်နှုန်းခန့်ဖြစ်သည့် လူဦးရေ သန်း (၂၀၀) ကျော်ကို သက်ရောက်မှုရှိသော ဆောင်းရာသီ မိုးလေဝသသတိပေးချက်များ ထုတ်ပြန်ထားကြောင်း အမေရိကန်မိုးလေဝသဌာန National Weather Service (NWS) က ပြောသည်။

ဆောင်းတွင်းမုန်တိုင်းကြောင့် တစ်နာရီလျှင် လက်မဝက် (၁.၂၅ စင်တီမီတာ) ထူထပ်သည့် နှင်ကျရောက်မှုများနှင့် လေပြင်းတိုက်မှုများ ဖြစ်ပေါ်နိုင်ပြီး မြင်ကွင်းမြင်နိုင်စွမ်း သုညအမှတ်နီးပါးအထိ ဖြစ်နိုင်ကြောင်း NWS က ဆိုသည်။ 

High Plains, မြောက်ပိုင်း Rockies နှင့် Great Basin ဒေသများတွင် အပူချိန်များ အနုတ် (၄၀) ဒီဂရီဆဲလ်စီးယပ်အထိ အလွန်အမင်းလျော့ကျပြီး အေးခဲနေမည်ဟု NWS က ခန့်မှန်းထားသည်။ 

ထိုမျှအေးခဲသည့် အခြေအနေတွင် လုံလောက်သော ကာကွယ်မှုမရှိပါက မိနစ်ပိုင်းအတွင်း နှင်းကိုက်နာဖြစ်နိုင်ကြောင်း သိရသည်။

ဆောင်းတွင်းမုန်တိုင်းအတွင်း လေပြင်းတိုက်မှု၊ နှင်းများထူထပ်စွာကျမှုနှင့် ရေခဲမှုတို့နှင့်အတူ စွမ်းအင်သုံးစွဲမှု ပုံမှန်ထက် မြင့်တက်နေခဲ့ရာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများလည်း ကြုံရနိုင်ကြောင်း ခန့်မှန်းထားသည်။ 

ထို့အပြင် ရာသီဥတု ပြင်းထန်ဆိုးရွားမှုကြောင့် ခရစ်စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်ကာလ လေကြောင်းခရီးစဥ်များကိုလည်း များစွာထိခိုက်မှုရှိနေသည်။

 

Source: Reuters, CNN

Photo: REUTERS/Brian Snyder, Mark Mulville/The Buffalo News/AP,