အမေဇုန်တောနက်အတွင်း လေယာဥ်ပျက်ကျပြီးနောက် ရက် (၄၀) ကြာ ပျောက်ဆုံးနေခဲ့သည့် ကလေး (၄) ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့

Photo: Colombian Military Forces, 
Photo: Colombian Military Forces, 
အမေဇုန်တောနက်အတွင်း လေယာဥ်ပျက်ကျပြီးနောက် ရက် (၄၀) ကြာ ပျောက်ဆုံးနေခဲ့သည့် ကလေး (၄) ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့
By Mr John

ကိုလံဘီယာနိုင်ငံတွင် လေယာဥ်ပျက်ကျခဲ့ပြီးနောက် အမေဇုန်တောနက်အတွင်း ရက် (၄၀) ကြာ ပျောက်ဆုံးနေခဲ့သည့် ကလေး (၄) ဦးကို ဇွန်လ (၉) ရက်နေ့က အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြောင်း ကိုလံဘီယာသမ္မတ ဂက်စတာဗိုပက်ထရိုက ပြောသည်။ 

အမေဇုန်တောနက်အတွင်း ပျောက်ဆုံးနေခဲ့သည့် မောင်နှမ (၄) ဦးကို ကိုလံဘီယာနိုင်ငံ Caqueta နှင့် Guaviare ပြည်နယ် (၂) ခုကြား နယ်စပ်အနီး ကိုလံဘီယာစစ်တပ်က ပြန်ရှာတွေ့ခဲ့ကြောင်း သိရသည်။

လူ (၇) ဦး လိုက်ပါသွားသော Cessna 206 လေယာဥ်မှာ အမေဇုန်ပြည်နယ် Araracuara နယ်မြေနှင့် Guaviare ပြည်နယ် San Jose del Guaviare မြို့ကြား ခရီးစဥ်ပျံသန်းစဥ် မေလ (၁) ရက်နေ့ အစောပိုင်းတွင် အင်ဂျင်ချို့ယွင်းမှုကြောင့် အရေးပေါ် အချက်ပြ ဆက်သွယ်ခဲ့ပြီးနောက် အမေဇုန်တောနက်အတွင်း ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

လေယာဥ်မှူးနှင့် ကလေးများ၏ မိခင် Magdalena Mucutuy အပါအဝင် လူကြီး (၃) ဦးမှာ သေဆုံးခဲ့ပြီး ၎င်းတို့၏ အလောင်းများကို လေယာဥ်ပျက်ကျသည့် နေရာတွင် ရှာဖွေတွေ့ရှိခဲ့သည်။ 

လေယာဥ်ပျက်ကျမှုအတွင်း အသက် (၁၃) နှစ်၊ (၉) နှစ်၊ (၄) နှစ်နှင့် ယခုအခါ (၁၂) လအရွယ်ရှိပြီ ဖြစ်သည့် မောင်နှမ (၄) ဦးမှာ အသက်ရှင်ခဲ့ကြသည်။ 

ကိုလံဘီယာစစ်တပ်က ထုတ်ပြန်လိုက်သည့် ဓာတ်ပုံများအအရ စစ်သားအုပ်စုတစ်စုနှင့်အတူ ကလေးငယ် (၄) ဦးကို အမေဇုန်တောနက်ထဲတွင် တွေ့ရသည်။

"တစ်နိုင်ငံလုံးအတွက် ပျော်ရွှင်စရာပါပဲ။ ကိုလံဘီယာ တောထဲမှာ ပျောက်ဆုံးနေတဲ့ ကလေး (၄) ယောက်ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့ပါပြီ" ဟု ကိုလံဘီယာသမ္မတ ပက်ထရိုက Twitter တွင် ပြောထားသည်။ 

ကလေး (၄) ဦးမှာ အတူတကွရှိနေကြပြီး အားအင်ကုန်ခမ်းနေကြကြောင်း သိရသည်။ 

ထိုကလေးများက တောနက်ထဲတွင် ၎င်းတို့ဘာသာ ရပ်တည်ရှင်သန်နေခဲ့ကြကြောင်းလည်း သမ္မတပက်ထရိုက ဆိုသည်။

Source: Reuters, CNN