ကလေးများ ဆော့ကစားသည့် လေထိုးအရုပ်အိမ် လေထဲလွင့်ပါပြီး အသက် (၅) နှစ်အရွယ် ကလေးငယ် သေဆုံး

ကလေးများ ဆော့ကစားသည့် လေထိုးအရုပ်အိမ် လေထဲလွင့်ပါပြီး အသက် (၅) နှစ်အရွယ် ကလေးငယ် သေဆုံး
By Mr John



အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်တွင် ဘေ့စ်ဘောပွဲအတွင်း ကလေးဆော့စရာ လေထိုးအရုပ်အိမ်တစ်ခု လေထဲကနေ လွင့်ပါသွားခဲ့ရာမှ အသက် (၅) နှစ်အရွယ် ‌ယောက်ျားလေးတစ်ဦး သေဆုံးသွားပြီး နောက်ထပ် ကလေးတစ်ဦး ဒဏ်ရာခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂) ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လေထိုးအရုပ်အိမ်မှာ လေထဲလွင့်ပါသွားပြီးနောက် Southern Maryland Blue Crabs အသင်း ဘေ့စ်ဘောကစားနေသည့် Waldorf ဒေသရှိ Regency Furniture အားကစားကွင်း ကွင်းပြင်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်း Charles ကောင်တီ တာဝန်ရှိသူများထံမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

လေပြင်းတိုက်ခတ်စဥ် လေထဲသို့ ခန့်မှန်းခြေ (၁၅) ပေမှ ပေ (၂၀) လွင့်ပါသွားခဲ့သော လေထိုးအရုပ်အိမ်ထဲတွင် ကလေးငယ်များ ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုကလေးများမှာ ဘေ့စ်ဘောကွင်းပေါ်သို့ လေထိုးအရုပ်အိမ် ကျမလာမီ အောက်သို့ပြုတ်ကျခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။ 

အသက် (၅) နှစ်အရွယ် ယောက်ျားလေးကို ကလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်းနှင့် နောက်ထပ် ကလေးတစ်ဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရသော ဒဏ်ရာများရခဲ့ကြောင်း သိရသည်။ 

Waldford ဒေသမှာ ဝါရှင်တန်ဒီစီမြို့တော်၏ တောင်ဘက် (၂၈) မိုင်ခန့်အကွာတွင် တည်ရှိသည်။

Source: CNN

Photo: NBC Washington