ဒိုက်ဦးထောင်တွင် ထောင်အာဏာပိုင်များက နိုင်ကျဉ်းများကို ပုံစံကြေးများ တောင်းခံနေပြီး ပုံစံကြေးမပေးပါက ဖိနှိပ်မှုများ လုပ်ဆောင်နေ

ဒိုက်ဦးထောင်တွင် ထောင်အာဏာပိုင်များက နိုင်ကျဉ်းများကို ပုံစံကြေးများ တောင်းခံနေပြီး ပုံစံကြေးမပေးပါက ဖိနှိပ်မှုများ လုပ်ဆောင်နေ

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ပုံစံကြေးများတောင်းခံနေပြီး မပေးပါက ဖိနှိပ်မှုများကိုပြုလုပ်နေလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့ထံမှ သိရသည်။

ဒိုက်ဦးအကျဉ်းထောင်တွင် အဆောင်မှူး သီဟအောင်သည် အခြားရာဇဝတ်အကျဉ်းသားများနှင့် ပူးပေါင်းပြီး နိုင်ကျဉ်းများထံမှ ပုံစံကြေးဟုဆိုကာ ငွေကျပ် တစ်သိန်းအထိ တောင်းခံနေကြောင်း သိရသည်။

ပုံစံကြေးမပေးသည့် နိုင်ကျဉ်းများကို ထောင်အာဏာပိုင်များမှ ခြေထောက်ဖြင့် ကန်ခြင်း၊ ရိုက်နှက်ခြင်း စသည့်  ညှဉ်းပမ်းနှိပ်စက်မှုများပြုလုပ်ရုံသာမက နိုင်ကျဉ်းများကို ညစ်ညမ်းစွာ ဆဲဆိုပြောဆိုခြင်း၊ နိုင်ကျဉ်း တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ခန့်မှန်း ၂၀၀ ဦးခန့်အား တရားမဝင် ငွေကြေး ကောက်ခံခြင်းများအား ထောင်ပြောင်း နိုင်ကျဉ်းများထံ အနိုင်ကျင့် ဗိုလ်ကျ ကောက်ခံခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။ 

“ပုံစံကြေးဆိုတာက အကျဉ်းထောင်မှာ ဘယ်လိုနေရမယ် ၊ မတ်တပ်ရပ်ရင် ဘယ်လိုရပ်ရမယ် ၊ အရာရှိနဲ့တွေ့ရင် ဘယ်လိုဆက်ဆံရမယ် ၊ ထိုင်ရင် ဘယ်လိုထိုင်ရမယ် စတဲ့ နည်းစနစ်တွေရှိတယ် ၊ အဲ့ဒါတွေကို သင်ကြားပေးတဲ့အခါ လိုက်ပြီးလုပ်ဆောင်ရတယ် ၊ လုပ်ဆောင်တာ မှားယွင်းတဲ့အခါ ရိုက်နှက်ခံရတာတွေရှိတယ် ၊ အဲ့လိုမျိုးမဖြစ်ချင်ရင် သူတို့တောင်းတဲ့ ငွေကြေးကို ပေးရတယ်ပေါ့နော်” ဟု PPNM မှ တာဝန်ရှိတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။

ဒိုက်ဦးထောင်အတွင်း နိုင်ကျဉ်းများအပေါ် ထောင်အာဏာပိုင်များမှ ဖိနှိပ်မှုများ ပြုလုပ်နေပြီး အခြားသော လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ဖြစ်စဉ်များကိုလည်း ဆက်လက်စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ အသိပေးထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency