တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့် အပြုအမူကိုမျှ  ခွင့်ပြုမည်မဟုတ်ကြောင်း  အာဏာသိမ်း စစ်ခေါင်းဆောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြော

 တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့် အပြုအမူကိုမျှ  ခွင့်ပြုမည်မဟုတ်ကြောင်း  အာဏာသိမ်း စစ်ခေါင်းဆောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြော



* * * * *

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့် အပြုအမူကိုမျှ  ခွင့်ပြုမည်မဟုတ်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

 အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့်  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့   ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က "တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အပြုအမူကိုမျှ ခွင့်ပြုမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု စသည့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများကို အတူတကွ တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး တွန်းအားပေးရာတွင် တရုတ်အစိုးရအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းအပေါ် ကျေးဇူးတင်ကြောင်း"ကို ပြောကြားသည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြထားရှိသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မတည်မငြိမ် ဖြစ်ပွားနေခြင်းနှင့်အတူ စစ်ဖြစ်ပွားနေမှုများ၊ ပြည်တွင်းရေးအပေါ်  ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ် အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောသည်။

ယင်းအပြင်  နိုင်ငံရေးအရ ရင်ကြားစေ့ရေး နှင့်  ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကို ရှာရမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို မှာကြားခဲ့သည်ဟုလည်း သိရသည်။

အကျိုးစီးပွားနှင့် ပတ်သက်၍လည်း  "ရပ်ဝန်းနှင့် ပိုးလမ်းမ အပါအဝင် မြန်မာ - တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းကြီးများကို အတူတည်ဆောင်ရေး ဖော်ဆောင်မှုအား အရှိန်မြှင်ရန် နှင့် မြန်မာ - တရုတ် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ ပြည်သူ့နေထိုင်မှုဘဝကို ကောင်းမွန်အောင် ဆောင်ရွက်ရန်"မှာကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။



 

 တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှုများတွင် "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏မြို့ရွာ များအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍လည်း  တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါ ကြောင်းဖြင့်ပြောကြားသည်"ဟု သတင်းထုတ်ပြန်ထားသော်လည်း တရုတ်နိုင်ငံပိုင်မီဒီယာဘက်ကမူ "တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်"ကြောင်းသာ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာစစ်အာဏာရှင်ဟောင်း (ဗိုလ်ချုပ်မှူးကြီး)ဦးသန်းရွှေ နှင့်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၎င်းတို့အပေါ် မထောက်ခံသူများနှင့် စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သည့်  NUG၊ PDF နှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ အားလုံးကို "ပြည်ပအားကိုး ပုဆိန်ရိုး"ဟု တသွင်သွင်ပြောနေသော်လည်း လက်တွေ့တွင်မှု ၎င်းသည် တရုတ်နိုင်ငံကို အားကိုးနေရသည်ကို တွေ့ရသည်။