ပဲခူးမြို့ရေကြီးမှုဖြစ်စဉ်ကြောင့် ကလေးတစ်ဦးအပါ သေဆုံးသူ(၄)ဦးအထိရှိလာ

ပဲခူးမြို့ရေကြီးမှုဖြစ်စဉ်ကြောင့် ကလေးတစ်ဦးအပါ သေဆုံးသူ(၄)ဦးအထိရှိလာ
ဇူလိုင် 31, 2024 | အခြားဒေသများ

ပဲခူးတိုင်း ပဲခူးမြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့အထိ ကလေးတစ်ဦးအပါအဝင် သေဆုံးသူ (၄)ဦးရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ် (၇)ရပ်ကွက်၊ ဓမ္မပါလလမ်းတွင် ဦးဝင်းထွဋ် (၄၅)နှစ်သည် နေအိမ်ရှေ့ ၌ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းက နေအိမ်ရှေ့ရှိ အနက်(၆)ပေခန့်ရေထဲတွင် ဦးဝင်ထွဋ်သည် မှောက်လျက်အနေအထားဖြင့် သေဆုံးနေခဲ့ပြီး ၎င်းသည် ယမန်နေ့က ဈေးထွက်ဝယ်ရာမှ နေအိမ်သို့ပြန်မရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့နံနက်ပိုင်းကလည်း ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ရွှေမော်ဓောဘုရားလမ်း၊ အထက(၁)ကျောင်းရှေ့တွင် မောင်ပြည့်စုံကျော်(၁၆)နှစ် မင်းလမ်း၊ ဇိုင်းမြောက်ရပ်ကွက်နေသူသည် ဓာတ်လိုက်သေဆုံးသွားခဲ့ရသည်။ 

မိခင်ဖြစ်သူ ဒေါ်အိအိဖြိုးနှင့် မောင်ပြည့်စုံကျော် သားအမိ(၂)ဦးသည် ဘုရားဈေးတွင် ဈေးဝယ်သွားရာမှ စက်ဘီး ဘီးပေါက်သဖြင့် မိခင်ဖြစ်သူမှာ သုံးဘီးဆိုင်ကယ်ဖြင့်ပြန်လာခဲ့ပြီး သားဖြစ်သူမှာ စက်ဘီးအားတွန်းကာ တစ်ဦးတည်းပြန်လာစဉ် အထက(၁) ကျောင်းရှေ့ရှိ ဓာတ်တိုင်အနီးတွင် ဓာတ်လိုက်သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့တွင်ပင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုလမ်း ကျောက်တွင်းကုန်း ပန်းခြံအနီးတွင် မင်းထက်နိုင် (၈)နှစ်၊ စန်းလင်းအောင်(၈)နှစ်၊ အေးဆုနွယ်(၁၇)နှစ် ဆိုရှယ်လစ်(၂၆)လမ်း၊ ရှင်စောပုရပ်ကွက် ပဲခူးမြို့နေသူ (၃)ဦးတို့သည် ကျောက်ကြီးစုရပ်ကွက်ဘက်သို့ရေကစားပြီး ကျောက်တွင်းကုန်းပန်းခြံဘေး ပလက်ဖောင်းအတိုင်း လမ်းလျှောက်လာစဉ် မင်းထက်နိုင်မှာ ရေနုတ်မြောင်းအတွင်းသို့ ပြုတ်ကျသွားပြီး သေဆုံးသွားခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ပဲခူးမြို့ ကျောက်တန်ကန်၊ ရပ်ကွက်ကြီး(၇)မှ စည်သူမြင့်(၂၅)နှစ်ဆိုသူသည် လွန်ခဲ့သော(၃)ရက်ခန့်က ချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေပြီး ယနေ့နံနက်ပိုင်းက ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းချောင်းရှိ အမှိုက်များကြားတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ပဲခူးမြစ်ရေသည် ပြန်လည်ကျဆင်းနေပြီဖြစ်ပြီး လမ်းတချို့သွားလာနိုင်ပြီဖြစ်ကာ ပဲခူးမြို့မစျေးကြီးကိုလည်း သန့်ရှင်းရေးပြုလုပ်နေပြီဟု သိရသည်။

#TachileikNewsAgency

Photo: CJ