ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်အနေနှင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို ပိုမိုနားလည်အောင် ဆောင်ရွက်ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်အနေနှင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို ပိုမိုနားလည်အောင် ဆောင်ရွက်ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်အနေနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို ပိုမိုနားလည်အောင် ဆောင်ရွက်ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထံမှ သိရသည်။

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းနှင့် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသည့် မြန်မာနှင့် ဖိလစ်ပင်းတက်ကြွလှုပ်ရှားသူများအဖွဲ့တို့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် (Commission On Human Rights Philippines) ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Hon.Richard P.Palpal-Latoc နှင့် ကော်မရှင်နာ Hon.Faydah Maniri Dumarpa တို့ နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက စစ်အုပ်စုပေါ်တွင် နိုင်ငံတကာမှ အရေးယူဆောင်ရွက်နေမှု အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ခံမှုနှင့် သက်ဆိုင်သော လှုပ်ရှားတောင်းဆိုမှုများအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဖိလစ်ပိုင်နိုင်ငံနှင့် အစိုးရ၏ မြန်မာနိုင်ငံအပေါ် သဘောထားများနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းစဉ်ကစ၍ ယခုအချိန်အထိ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုထုတ်ဖော်ပြောကြားခြင်း၊ ချိုးဖောက်ခံပြည်သူများနှင့် ရပ်တည်ချက်မရှိဘဲ စစ်တပ်ဘက်တွင် ရပ်တည်နေသည့် အခြေအနေများအား အမျိုးသားညီညွတ်ရေးအစိုးရဘက်မှ တက်ရောက်လာသူများအား တင်ပြခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် ပဲရစ်မူဝါဒနှင့်အညီ လူ့အခွင့်အရေးချိုးဖောက်မှုများကို စွမ်းစွမ်းတမံတားဆီးခြင်း၊လူ့အခွင့်အရေးပညာပေးမြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ပါဝင်နေသည့် ဒေသတွင်းဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများတွင် အသိအမှတ်ပြုခြင်းမပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: National Unity Government of Myanmar