လားရှိုးထောင်မပွင့်သေးဟု နိုင်ကျဉ်းမိသားစုဝင်များပြော

လားရှိုးထောင်မပွင့်သေးဟု နိုင်ကျဉ်းမိသားစုဝင်များပြော
ဇူလိုင် 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အကျဉ်းထောင် ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ ညပိုင်းတွင် ပွင့်ကာ အကျဉ်းသားများအားလုံးပြန်လွတ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း နိုင်ကျဉ်းမိသားစုဝင်များကမူ ထောင်ပွင့်ခြင်းမရှိဟု ပြောဆိုသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို MNDAA က သိမ်းပိုက်လိုက်သည့်အပြင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် တပ်သား(၃၀၀)ကျော်တို့ လက်နက်ချပြီးနောက် လားရှိုးမြို့အတွင်း တိုက်ပွဲပြင်းထန်နေသဖြင့် အကျဉ်းသားများ ပြန်လွတ်လာခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။

“လားရှိုးထောင်ပွင့်တယ်ဆိုတာကိုက သတင်းမှားနေတာ။ အခုထိ မပွင့်သေးဘူး။”ဟု နိုင်ကျဉ်း မိသားစုဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒေသခံတချို့၏ ပြောဆိုချက်အရမူ အကျဉ်းသား(၃၀၀)နှင့် အမျိုးသမီးအကျဉ်းသူ (၇၀)ဦး ပြန်လွတ်လာသည်ဟု ပြောဆိုကြပြီး မြို့တွင်းကျန်ရှိနေသူများက အကျဉ်းထောင်သို့သွားစဉ် ရပ်ကွက်(၄)တွင် ရဲတပ်ဖွဲ့ဝင်များက ပိတ်ပင်ထားသည်ဟုလည်း ပြောဆိုသည်။

“ထောင်ကိုဝင်စီးပြီး MNDAA ဘက်က လွှတ်ပေးလိုက်တာမျိုးလဲမဟုတ်ဘူး။ အဲဒီနားမှာတိုက်ပွဲဖြစ်ခဲ့တယ်။ စစ်ကောင်စီတပ်သားတွေ အလင်းဝင်လိုက်တော့ စောင့်ကြပ်မယ့်သူမရှိတော့တဲ့အခါ တံခါးပွင့်သွားပြီးတော့ လွတ်တာလို့တော့ သိရတယ်။”ဟု ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

လားရှိုးထောင်သည် ရပ်ကွက် (၁၂) အေတီတံတားကျော်တွင်ရှိပြီး အဆိုပါသတင်းကို ထပ်မံသိရနိုင်ရန်နှင့် အတည်ပြုချက်ရနိုင်ရန် Tachileik News Agency အနေဖြင့် ဆက်လက်စုံစမ်းအတည်ပြုလျက်ရှိသည်။

လားရှိုးအကျဉ်းထောင်တွင် နောင်ချိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်ရှိနေပြီး ၎င်းအား ၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်နေ့ စစ်တပ်အာဏာသိမ်းစဉ် ဖမ်းဆီးပြီးနောက် လားရှိုးအကျဉ်းထောင်သို့ပို့ကာ ထောင်(၃၃)နှစ် ချထားခြင်းဖြစ်သည်။

#TachileikNewsAgency