လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး အပါအဝင် တပ်ဖွဲ့ဝင် (၃၀၀)ကျော် MNDAA ထံ လက်နက်ချ

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး အပါအဝင် တပ်ဖွဲ့ဝင် (၃၀၀)ကျော် MNDAA ထံ လက်နက်ချ
ဇူလိုင် 23, 2024 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များမှ ဒုဗိုလ်မှူးကြီး တစ်ဦး အပါအဝင် တပ်သား(၃၀၀)ကျော် MNDAA ထံ ၂၀၂၄ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့တွင် လက်နက်ချ အလင်းဝင်ကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ဒုဗိုလ်မှူးကြီးတစ်ဦးသည် ဗိုလ်မှူး(၂)ဦးကို ခေါ်ဆောင်၍ ဗိုလ်ကြီး (၅)ဦးနှင့် တပ်သား စုစုပေါင်း (၃၁၇)ဦးတို့နှင့်အတူ MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့ပြီး စစ်ကောင်စီတပ်ကို ပြန်တိုက်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုကြောင်း MNDAA က ဖော်ပြထားသည်။

MNDAA ၏ နိုင်ငံရေးဌာန/စည်းရုံရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အဆိုပါ တပ်ဖွဲ့ဝင်များကို လက်ခံခဲ့ပြီး လက်နက်ချမှုနှင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ပြီး ၎င်းတို့အား လုံခြုံမှုနှင့် အသက်အာမခံချက်ပေးကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ထို့အပြင် အလင်းဝင်လာသူများထဲမှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသူများအား ဆေးဝါးကုသမှုပေးခဲ့ပြီး နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူများအား ကျပ် (၁၀)သိန်း မှ ကျပ်သိန်းပေါင်း (၁၀,၀၀၀) အထိ ချီးမြှင့်မည့် အစီအစဉ်ကို MNDAA က ဇူလိုင်လ(၁၄)ရက်နေ့က ထုတ်ပြန်ခဲ့သည်။ 



 

စစ်သည်များ အလင်းဝင်လာသူအတွက် ငွေကျပ်(၁ဝ)သိန်းဖြစ်ပြီး လက်နက်နှင့်တကွ အလင်းဝင်လာပါက ငွေကျပ်(၁၅)သိန်း၊ ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့်ရှိ အလင်းဝင်လာသူအတွက် ငွေကျပ်(၂ဝ)သိန်းဖြစ်ပြီး လက်နက်နှင့် တကွ အလင်းဝင်လာသူဖြစ်ပါက ငွေကျပ်(၂၅)သိန်းချီးမြှင့်ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ 

ထို့အပြင် ဗိုလ်မှူးမှ ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး အလင်းဝင်လာပါက ငွေကျပ်(၃ဝ)သိန်းနှင့် လက်နက် အတူ ပါလာပါက ငွေကျပ်(၃၅)သိန်းချီးမြှင့်ပေးမည်ဖြစ်ကာ စစ်ကောင်စီတပ်ရှိ တာဝန်ထမ်းဆောင်သူများကို  စည်းရုံးခြင်းဖြင့် အလင်းဝင်သူ ရှိလာပါက ဆောင်ရွက်ပေးသူတို့အားထပ်မံ၍ ဆုငွေချီးမြှင့်ပေးမည် ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency

Photo: MNDAA