ရွှေဘိုမြို့နယ်အတွင်း စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအထိုင်ချနေသည့် ပျူစောထီးစခန်းနှစ်ခုအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရွှေဘိုမြို့နယ်အတွင်း စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအထိုင်ချနေသည့် ပျူစောထီးစခန်းနှစ်ခုအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အတွင်း စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအထိုင်ချနေသည့် ဇီးဖြူကုန်းပျူစောထီးစခန်းနှင့် သီးလုံးပျူစောထီးစခန်းတို့အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Shwebo Crocodile အဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့နယ် ဇီးဖြူကုန်းပျူစောထီးစခန်းကို ဇူလိုင်လ (၂၂)ရက်နေ့ ည (၈)နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးသီး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၊ စစ်တပ်နှင့်ပျူစောထီးများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ် သီးလုံးပျူစောထီးစခန်းအား ယနေ့ ဇူလိုင်လ (၂၃) ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီး (၃)လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး စစ်တပ်နှင့် ပျူစောထီးများမှ ကောင်တာပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇီးဖြူကုန်းနှင့် သီးလုံး ပျူစောထီးစခန်းနှစ်ခုသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် မြင်းစီးပျူစောထီးစခန်းနှင့် ဆင်အင်းရဲစခန်းတို့မှ ဆုတ်ခွာထွက်ပြေးလာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုပေါင်းအထိုင်ချနေသည့် စခန်းများဖြစ်ပြီး ၊ နှစ်ရက်တာတိုက်ခိုက်မှုအတွင်း ပျူစောထီး (၂)ဦး ထိခိုက်မှုရှိနိုင်ကြောင်း Shwebo Crocodile အဖွဲ့မှ ဆိုသည်။

၁၀၂၇ ဒုတိယလှိုင်းနှင့်အတူ ရွှေဘိုမြို့နယ်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပျူစောထီးစခန်းများအား ဆက်တိုက်ဆိုသလို ဖိအားပေးတိုက်ခိုက်နေကြောင်း Shwebo Crocodile အဖွဲ့မှ အသိပေးထားသည်။

အဆိုပါတိုက်ခိုက်မှုများအား Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊မဟာမိတ်များဖြစ်သော Bo BA TaW (LDF) ၊ M. SAI.NAW ဒရုန်းတပ်ဖွဲ့ ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဂျိုကာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဇာမဏီဒေါင်း (ဒပယ)၊ YAUNG NI (LDF)၊ HG FIGHTRS၊ Zay Yar Thawed ၊ Eye Force EYE ၊ shwebo Federal Army ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုအားမာန်(UG)၊ စွန်ရဲရွှေဘို ဒေသခံကာကွယ်ရေးအဖွဲ့နှင့် ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency