လယ်ဝေးရှိ အေလာလေတပ်စခန်း တိုက်ခိုက်ခံရသည်ကို စစ်အုပ်စုမဖော်ပြရဲဘဲ အရပ်သားနှစ်ဦးကို ပစ်ခတ်သူများဟု စွပ်စွဲဖမ်းဆီးဖော်ပြ

လယ်ဝေးရှိ အေလာလေတပ်စခန်း တိုက်ခိုက်ခံရသည်ကို စစ်အုပ်စုမဖော်ပြရဲဘဲ အရပ်သားနှစ်ဦးကို ပစ်ခတ်သူများဟု စွပ်စွဲဖမ်းဆီးဖော်ပြ

အာဏာသိမ်းစစ်အုပ်စုနေထိုင်ရာ နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အေလာလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီတပ်ဘက်က ဖော်ပြရဲခြင်းမရှိဘဲ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲသည်ဟုဆိုကာ အရပ်သား(၂)ဦးကို စွပ်စွဲဖမ်းဆီး၍ စစ်ဆေးနေကြောင်း ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် ဖော်ပြလာသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ(၁၆)ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကို စစ်ကောင်စီတပ်က သွားရောက်စစ်ဆေးရာ ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီး၌ ရှော့တိုက်ဒုံး(၃)လုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအားတွေ့ရှိရပြီး လူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိဟု စစ်ကောင်စီက ဆိုသည်။

ထို့နောက် အဆိုပါဝန်းကျင်ဝန်းကျင်တစ်ဝိုက်အား စစ်ဆေးရှာဖွေရာ လယ်ဝေးမြို့နယ်၊ အောင်စေတနာကျေးရွာ အနီး၌ ရှော့တိုက်ဒုံးပစ်ခတ်ပြီး ပျက်စီးနေသည့် ဒုံးပစ်စင်(၄)ခုနှင့် ပစ်ခတ်ရန်အသင့် တပ်ဆင်ထားသည့် ဒုံးပစ်စင် (၃)ခုတို့အား တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့်နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်အား ပိတ်ဆို့စစ်ဆေးရှာဖွေရာ ရှော့တိုက်ဒုံးပစ် ခတ်ရာတွင် ပါဝင်သူများဟု စွပ်စွဲဖမ်းဆီးခံရသည့် လယ်ဝေးမြို့ နယ်၊ သာဝတ္တိ၊ သစ်ကြိမ်းအုပ်စု၊ ဟေမာန်ကျေးရွာနေ ပြည့်ဖြိုးအောင်(ခ)နောက်စေ့နှင့် သက်ခိုင်ထွန်း(ခ)ကိုသက် တို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးချက်များအရ ဖြစ်စဉ်နှင့်ဆက်စပ်သူ(၁၅)ဦးအား စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို အရေးယူနိုင်ရေးလုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။

“အေလာလေတပ်က လယ်ဝေးမြို့နယ်ထဲမှာပါ။ ကျွန်တော်တို့ မြေပြင်မှာ မစ်ရှင်လုပ်ခဲ့တဲ့ရဲဘော်တွေက မစ်ရှင်လုပ်ပြီးပြီးချင်း မကြာခင်မှာပဲ သူတို့ဌာနေစခန်းအသီးသီးကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေခဲ့ပါပြီ။ အခု စစ်ကောင်စီဘက်က ဖမ်းထားတာက အရပ်သားပြည်သူတွေပါ၊ သူတို့အထက်ဖိအားကြောင့် မဖြစ်မနေ အဖမ်းပြရတဲ့သဘောပါ။ စစ်ကောင်စီဘက်က ရှော့ဒုံးပစ်တဲ့နေရာလို့ယူဆရတဲ့ နေရာတဝိုက်က ရွာသားတွေပါ။ သာမန် တောသူ၊ တောင်သား အရပ်သားပြည်သူတွေဖြစ်ပါတယ်ခင်ဗျာ။”ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဇူလိုင်လ (၁၆)ရက်နေ့က Brave Warriors for Myanmar (BWM)အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နှင့် Mercury Revolution Force (MRF) အဖွဲ့သည် နေပြည်တော် အေလာလေတပ်စခန်းအတွင်းသို့ (၁၀၇)မမ ရှော့တိုက်ဒုံး(၇)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး (၅)လုံး တပ်စခန်းအတွင်းသို့ ပစ်ခတ်နိုင်ခဲ့သည်ဟု BWM တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“အခုလို အရပ်သားပြည်သူတွေကို အဓမ္မဖမ်းဆီးလေ စစ်ကောင်စီအတွက် နောက်ဆုံးနေ့ရောက်ဖို့ နီးလာလေပါပဲ။ သူတို့လည်း မကြာခင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကိုခံရတော့မှာပါ။ မကြာတော့ပါဘူး။ သူတို့တင်မက သူတို့နဲ့ဆက်စပ်တဲ့ မိသားစုတွေပါ အခုပြည်သူတွေပေးဆပ်ရသလို ပြန်ပေးဆပ်ကြရတော့မှာပါ။ ”ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုကြောင့် အေလာလေတပ်စခန်းအတွင်း အဆောက်အဦး(၄)လုံးပြိုကျပျက်စီးပြီး လက်နက်ခဲယမ်း တိုက်(၁)လုံးမီးလောင် ပေါက်ကွဲကာ လေယာဥ်ပြုပြင်ရေးအပိုပစ္စည်းဂိုဒေါင်ရုံ မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အေလာလေတပ်ကို BWM နှင့် မဟာမိတ်အဖွဲ့များက (၅)ကြိမ်မြောက် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး