မောင်တောမြို့ရှိ မကျည်းချောင်းနယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ ဘင်္ဂလားဘက်ထွက်ပြေး

မောင်တောမြို့ရှိ မကျည်းချောင်းနယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ ဘင်္ဂလားဘက်ထွက်ပြေး

အာရက္ခတပ်တော်(AA) ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နခခ (၅)၏ အနီးပတ်ဝန်းကျင်မှ မကျည်းချောင်းနယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း AAက ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်း၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်းရမိခဲ့ကာ သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါ မကျည်းချောင်းစခန်းတွင် စစ်ကောင်စီတပ်၏ စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ (၂၆၃)တပ်ရင်းနှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲများပါဝင်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၀)ဦးခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ စစ်လှေအချို့ဖြင့် ထွက်ပြေးသွားသည်ကိုတွေ့ရှိရသည်ဟုလည်း AAက သတင်းထုတ်ပြန်သည်။

မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ (၅) မြို့သူကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှလည်း မောင်တောမြို့အား မဆုံးရှုံးရရေးအတွက် မောင်တောမြို့အတွင်းမှနေ၍ ခုခံစစ်စခန်းများ ပြင်ဆင်ကာ ခုခံနေခြင်းဖြစ်ကြောင်း သိရသည်။

AA သည် မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk