ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေးများအပါအဝင် ရာဇဝတ်မှုကျူးလွန်သူများကို TNLA ဖမ်းဆီးထား

ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေးများအပါအဝင် ရာဇဝတ်မှုကျူးလွန်သူများကို TNLA ဖမ်းဆီးထား
ဇူလိုင် 11, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေးအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ၊ မူးယစ်ရမ်းကားသူနှင့် နေအိမ်ဖောက်ထွင်းသူ တရာခံ(၁၈၀)ဦးကို TNLAက ဖမ်းဆီးရမိထားသည်ဟု သိရသည်။

ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူ ကျား(၁၄၆)ဦး၊ မ(၁၁)ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ကျား(၂)ဦးနှင့် မ(၁)ဦး စုစုပေါင်း (၁၅၉)ဦးကို ဖမ်းဆီးရမိထားသည်ဟု ဆိုသည်။

၎င်းတို့သည် အာဏာသိမ်းပြီးနောက်ပိုင်း မြို့အတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားစေရန်နှင့် ၎င်းတို့အား သတင်းပေးရန် စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သည့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျခဲ့ဖူးသူများဖြစ်သည်ဟုလည်း ဆိုသည်။

TNLA သည် ကျောက်မဲမြို့အနီးထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာမှုကြောင့် ထိုဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲနေသူများသည် စစ်ကောင်စီထိန်းချုပ်သည့် ကျောက်မဲမြို့တွင်းသို့ ထွက်ပြေးခိုအောင်းနေသည်ဟုလည်း ဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်များ၏ နေအိမ်များကို ဖောက်ထွင်း၍ ပစ္စည်းများခိုးယူနေသူ (၂)ဦးနှင့် စစ်ကောင်စီအမှတ်အသားပါ လက်နက်ငယ်ကိုင်ဆောင်သူ (၁)ဦး၊ မြို့အတွင်း မူးယစ်ရမ်းကားသူ (၂)ဦးတို့ကိုလည်း TNLAတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း TNLAနှင့် ပူးပေါင်းတပ်တို့၏ သွားလာလှုပ်ရှားမှုများကို စစ်ကောင်စီတပ်အား သတင်းပေးသူ (၁၆)ဦးတို့ကိုလည်း ဖမ်းဆီးရမိထားသဖြင့် TNLA၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News