PNLO စစ်ဦးစီးချုပ်ရွာကို စစ်ကောင်စီတပ်များဝင်စီးကာ ဒေသခံ ၃ ဦးအားသတ်ပြီး ရွာကိုမီးရှို့

PNLO စစ်ဦးစီးချုပ်ရွာကို စစ်ကောင်စီတပ်များဝင်စီးကာ ဒေသခံ ၃ ဦးအားသတ်ပြီး ရွာကိုမီးရှို့

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်နှင့် PNO တို့ စစ်ကြောင်းထိုးဝင်လာကာ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ပြီး ရွာကိုမီးရှို့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ(၆)ရက်နေ့က စစ်ကောင်စီတပ်နှင့် PNO တို့သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး ဒေသခံပြည်သူများအား ရိုက်နှက်နှိပ်စက်ကာ နေအိမ်(၈)လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသည်ဟု PNLO ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်ကိုလည်း ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် PNO တို့မီးရှို့ရာ အချို့အိမ်များမှာ ရဟန်းသံဃာများက တောင်းပန်ခြင်း၊ မီးငြိမ်းသတ်ပေးခြင်းတို့ကြောင့် မီးကူးစက်လောင်ကျွမ်းခြင်းမှ ကင်းလွတ်ခဲ့ရသည်ဟု ဆိုသည်။

နားခိုက်ကျေးရွာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလတွင်လည်း စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်များက ပထမအကြိမ် မီးဝင်ရှို့ခဲ့သည်။

ယမန်နေ့တွင် PNO ပြည်သူ့စစ်၏ ရိုက်နှက်မှုကြောင့် နားခိုက်ကျေးရွာနေ ဦးတောင်းဆိုသူမှာ ခြေထောက်တဖက်နှင့် လက်တဖက်ကျိုးကာ ဒေသခံ(၁၀)ဦးထက်မနည်း ဖမ်းဆီးခံရပြီး (၃)ဦးထက်မနည်းကို ရွာလယ်ခေါင်တွင်ပင် ပစ်သတ်ခဲ့သည်ဟု သိရသည်။

အဆိုပါဒေသခံများကို စစ်ကောင်စီတပ်က တော်လှန်ရေးကို အားပေးသူများဟုစွပ်စွဲကာ ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ဓာတ်ပုံတချို့ကို စစ်ကောင်စီက လူမှုကွန်ယက်တွင် ဖော်ပြခဲ့သည်။

ဓာတ်ပုံများတွင် ပါဝင်သည့် ရွာသား(၅)ဦးအနက် နားခိုက်ဒေသခံ ခွန်တမျို့၊ ခွန်ခင်နှင့် နောက်ထပ်အမည် အတည်မပြုနိုင်သေးသည့် ဒေသခံတစ်ဦး စုစုပေါင်း (၃)ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့စစ်များသည် နားခိုက်ကျေးရွာအတွင်းရှိ ကားတစ်စီးကို မီးရှို့ပြီး ကားတစ်စီးနှင့် ဆိုင်ကယ် (၂၆)စီးကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။

PNO ပြည်သူ့စစ်သည် ပြီးခဲ့သည့် ဇူလိုင်လ (၃)ရက်နေ့တွင်လည်း နားခိုက်ကျေးရွာအနီး ထမ်းယံတိုင်ကျေးရွာနေ ခွန်တငွေကို ပစ်သတ်ခဲ့ပြီး ခွန်မောင်ပေးကို ဖမ်းဆီးသွားခဲ့သည်။

#TachileikNewsAgency

Photo: PNLA News & Info