ဂန့်ဂေါမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ပျူစောထီးနှစ်ဦးအား YPDF မှ ဂန့်ဂေါမြို့နယ် ပအဖ ထံ စစ်သုံ့ပန်းဥပဒေနှင့်အညီ လွှဲပြောင်း

ဂန့်ဂေါမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ပျူစောထီးနှစ်ဦးအား YPDF မှ ဂန့်ဂေါမြို့နယ် ပအဖ ထံ စစ်သုံ့ပန်းဥပဒေနှင့်အညီ လွှဲပြောင်း

မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် ပျူစောထီးနှစ်ဦးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ဂန့်ဂေါမြို့နယ် ပအဖထံသို့ တရားဝင်လွှဲပြောင်းအပ်နှံကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ် ကုက္ကားကျေးရွာ (ပျူစောထီးရွာ) အနီးသို့ ၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့တွင် YPDF ရှေ့တန်းတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များ ချဉ်းကပ်ကင်းလှည့်နေစဉ် မသင်္ကာဖွယ် လူနှစ်ဦးကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးစစ်ဆေးရာ လက်နက်ခဲယမ်းများနှင့်အတူ ပျူစောထီးအဖွဲ့ဝင်များ ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း YPDF မှ ဆိုသည်။

အဆိုပါ ပျူစောထီးများထံမှ လက်လုပ်ပြောင်းချောသေနတ်အတို တစ်လက်၊ ကပစ ထုတ် ၅.၅၆ ကျည် (၁၇)တောင့်နှင့် စကားပြောစက် တစ်လုံးတို့ကို သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ပျူစောထီးများမှာ ကုက္ကားကျေးရွာမှ ဖြစ်ပြီး ၎င်းတို့ကို YPDF မှ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် တပ်ဖွဲ့ဌာနချုပ်ရှိ အချုပ်ထောင်တွင် တပ်ဖွဲ့၏ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခြေခံလူ့အခွင့်အရေးစံတန်ဖိုးများကို မထိခိုက်စေဘဲ ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

ထို့နောက် YPDF အဖွဲ့၏ စစ်ကြောရေးအဖွဲ့ကိုဖွဲ့စည်းကာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်သုံ့ပန်းဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်ရေးအတွက် တပ်ဖွဲ့ဗဟိုဦးဆောင်ကော်မတီအစည်းအဝေး (၃/၂၀၂၄) ဆုံးဖြတ်ချက်အရ ဂန့်ဂေါမြို့နယ် ပအဖထံသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် တရားဝင် လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အဖွဲ့သည် ချင်းပြည် (Chinland) ကောင်စီအဖွဲ့ဝင် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ချင်းပြည်နယ်အတွင်း တွန်းဇံမြို့သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့ပြီး ယောဒေသ ဂန့်ဂေါခရိုင်အတွင်း စစ်ရေးလှုပ်ရှားခြင်းနှင့် စစ်ဘေးရှောင်ပြည်သူများအား ဆေးဝါးကုသစောင့်ရှောက်ခြင်းများ ဆောင်ရွက်လျှက်ရှိသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo : ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့