ကချင်ပြည်နယ်တွင်း ရေကြီးရေလျှံမှုကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်

ပုံအညွှန်း - မြစ်ကြီးနားမြို့တွင်း ရေကြီးရေလျှံနေသည့် ပုံများဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် မြင်တွေ့ရသည့် အခြေအနေများ ဖြစ်သည်၊။ Photo: Wait Zu
ပုံအညွှန်း - မြစ်ကြီးနားမြို့တွင်း ရေကြီးရေလျှံနေသည့် ပုံများဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် မြင်တွေ့ရသည့် အခြေအနေများ ဖြစ်သည်၊။ Photo: Wait Zu
ကချင်ပြည်နယ်တွင်း ရေကြီးရေလျှံမှုကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်

ကချင်ပြည်နယ်အတွင်း မြို့နယ်အများအပြားတွင် မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်ရေမြင့်တက်မှုကြောင့် နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လမ်းပိုင်းအချို့လည်း ဇွန်လ (၃၀)ရက်နေ့ကတည်းက ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။

“မနေ့က မြစ်ကြီးနား - ပူတာအို လမ်းပိုင်းမှာ တောင်ပြို၊ ရေကြီးတာဖြစ်လို့ ကားတွေ ပိတ်မိနေကြတာ။ ဒီနေ့လည်း တစ်ချို့နေရာတွေက လတ်တလော ကားငယ်တွေ ဖြတ်လို့ရနေသေးပေမဲ့ ရေကဆက်တိုးနေတော့ မသေချာဘူး”ဟု ကားသမားတစ်ဦးက Tachileik News Agency ကို ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေမှာ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ရောက်နေကာ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ချီဖွေတို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

“ဝိုင်းမော် မြို့မစျေး  ရေဝင်နေပြီ။ စျေးသည်တွေ လမ်းမကြီးပေါ် ရောက်ကုန်ပြီ။ မြို့မရပ်ကွက်ထဲ  စက်လှေနဲ့ သွားနေရပြီ”ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါဒေသများရှိ အနိမ့်ပိုင်းဒေသ လူနေအိမ်အဆောက်အအုံများအပြင် စစ်ရှောင်စခန်းအချို့ပါ ရေကြီးရေလျှံမှုဒဏ်ခံနေကြရကြောင်း သိရသည်။

မြစ်ကြီးနားမြို့အထက်ပိုင်းရှိ ပူတာအို၊ မချမ်းဘော့တို့တွင် ဇွန်လ (၂၉)ရက်နေ့ကတည်းက မိုးသည်းထန်ကာ မြစ်ရေ၊ ချောင်းရေလျှံခြင်း၊ တောင်ပြိုခြင်း၊ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

မိုးသည်းထန်ကာ မြစ်ရေ၊ ချောင်းရေ ရေလျှံခြင်း၊ တောင်ပြိုခြင်းများကြောင့် ပူတာအို - မြစ်ကြီးနားလမ်းပိုင်းတွင် ဇွန်လ (၃၀)ရက်နေ့ကလည်း ကားအစီးရေများစွာ လမ်းခရီး၌ ပိတ်မိနေခဲ့ကြကြောင်း သိရသည်။

ပုံအညွှန်း - မြစ်ကြီးနားမြို့တွင်း ရေကြီးရေလျှံနေသည့် ပုံများဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် မြင်တွေ့ရသည့် အခြေအနေများ ဖြစ်သည်၊။ 

 

Photo: Wait Zu