တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်သွားလမ်းတလျှောက် ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်သွားလမ်းတလျှောက် ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်ဘက်သွားလမ်းတွင် ညဘက်၌ ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေလျှက်ရှိကြောင်း သိရသည်။

ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်သွားလမ်း တလျှောက်တွင် မေလနှင့် ဇွန်လအတွင်း ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ် လုယက်သူများမှာ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား ထိပ်ရှိ အဝိုင်းပတ် နှင့် ကျောက်တောင်လမ်းအဝင်ဖြစ်သည့် Yellow ရေသန့် အနီးတဝိုက်တို့တွင် အသင့်စောင့်ဆိုင်းတတ်လေ့ရှိပြီး လမ်းကြားသို့ ဆိုင်ကယ် ဝင်လာပါက အနောက်ကနေ နောက်ယောင်ခံ လိုက်ကာ ဓါးဖြင့် ခုတ်ပြီး လုလေ့ရှိကြောင်း သိရသည်။

ပုန်းထွန်ရပ်ကွက်အတွင်း ကျောက်တောင်သွားလမ်း ဆက်သွယ်ရေးကုန်ဆင်း လမ်းဆုံတွင် ၂၀၂၄ခုနှစ် ဇွန်လ(၂၇)ရက်နေ့ ညပိုင်း မိုးရွာသွန်းနေချိန်က လူငယ်တစ်ဦးကို ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

"ဓါးနဲ့ခုတ်ပြီး လုတဲ့လူတွေက ကျောက်တောင်သွားတဲ့ လမ်း၊ ဆယ်သွယ်ရေးကုန်းဆင်း လမ်းဆုံနဲ့ ငွေတောင်ဦး အကျော်နားရယ်။ စည်ပင်ကုန်းနားတွေမှာ ဓါးနဲ့ခုတ်ပြီး လုလေ့ရှိတယ်။ ညကလည်း လူငယ်တစ်ယောက် ထပ်ခံရပြန်တယ်။ ဖြစ်နိုင်ရင် ညပိုင်း အသွားအလာတွေ သတိထားမှ ကောင်းမယ်။ ညပိုင်း တစ်ယောက်တည်း သွားလာရင်တော့ သူတို့ရဲ့ သားကောင်းဖြစ်သွားနိုင်တယ်"ဟု ဒေသခံ အမျိုးသားတစ်ဦးက Tachileik News Agency သို့ ဇွန်လ(၂၈)ရက်နေ့တွင် ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် မေလအတွင်းက မကြာခဏ လုခံခဲ့ရသလို ဇွန်လ(၁၃)ရက်နေ့ကလည်း ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ် လုယက်မှု ဖြစ်ပွားသည့် ဖြစ်စဉ်လည်း ရှိခဲ့ရာ မေလအတွင်းက လုယက်သူများကို ဖမ်းမိကြောင်း မကြားသိရသေးသော်လည်း ဇွန်လ(၁၃)ရက်နေ့က ဓါးဖြင့် ခုတ်ပြီး လုယက်သည့် (၃)ဦး (၁)ဖွဲ့ကိုတော့ ဇွန်လ(၁၅)ရက်နေ့ နှင့် (၁၆)ရက်နေ့တို့တွင် ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သူများထဲက အချို့ကို ဖမ်းမိသော်လည်း ရဲတပ်ဖွဲ့က  ကွင်းဆက်တရားခံများနှင့် သူခိုးလက်ခံများကို ဆက်လက်ဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများမှာ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာ တလောက ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ် လုတဲ့အဖွဲ့တွေကို ဆက်တိုက် ဖမ်းလိုက်တာ အားရဖို့ ကောင်းပေမဲ့။ သူတို့နဲ့ ဆက်စပ်တဲ့ လူတွေ၊ သူခိုးလက်ခံတွေကို ထိထိမိမိ နှိမ်နှင်းပြတာမျိုးမရှိတော့  အခုဆို ဆက်ပြီး အတင့်ရဲနေဆဲပဲ။ ဒီရက်ပိုင်းမှာ ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ် လုတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ပြန်ကြားလာနေရတယ်။ တာချီလိတ်မှာ စစ်တပ်က ကျားဖြန့်ကို နှိမ်နှင်းနေသလိုမျိုး ရဲတပ်ဖွဲ့ကလည်း ဒီကိစ္စကို မြေလှန်ပြီး လုပ်နိုင်ရင် ပိုကောင်းမယ်"ဟု ပုန်းထွန်ရပ်ကွက်တွင်းနေ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျောက်တောင်လမ်းတလျှောက်တွင် ဇွန်လ(၁၈)ရက်နေ့က ဆိုင်ကယ်(၁)စီး ခိုးခံရမှု ဖြစ်ပွားခဲ့သလို ဇွန်လ(၂၀)ရက်နေ့ကလည်း စည်ပင်ကုန်းအနီးတွင် ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုခံရသည့် ဖြစ်စဉ်အပြင် ဇွန်လ(၂၂)ရက်နေ့က ညပိုင်းကလည်း ဆက်သွယ်ရေးကုန်း လမ်းဆုံတွင် ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး  ဇွန်လ(၂၇)ရက်နေ့ ညပိုင်းတွင်လည်း လုယက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။



တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ်  ဇွန်လ၏ ပထမပတ်ကနေ (၂၆)ရက်နေ့အထိ ဆိုင်ကယ် သူခိုးများနှင့် ဓါးဖြင့်ခုတ်ပြီး လုယက်သူ စုစုပေါင်း (၁၃)ဦးတို့ကို ဖမ်းဆီးရမိထားပြီး သက်သေခံ ဆိုင်ကယ် စုစုပေါင်း (၂၅)စီးကိုလည်း သိမ်းဆည်းရမိကာ တာချီလိတ်မြို့မရဲစခန်း နှင့် ဟောင်လိတ်နယ်မြေရဲစခန်းတို့တွင်  ဆိုင်ကယ်များကို သိမ်းဆည်းထားရှိသည့် ဖြစ်စဉ်များ ရှိခဲ့သော်လည်း ခိုးဆိုးလုယက်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။