Covid-19 ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် ( မြောက်ပိုင်း) ရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့များရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများအား ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကြေညာထားသည်။
Covid-19 ကာကွယ်ရေးအတွက် ယာယီပိတ်ထားတာ ဖြစ်ပါတယ်။ ဘဏ်ခွဲတွေ ပြန်ဖွင့်မယ့်ကာလကို ရက် မကန့်သတ်ထားရသေးပါဘူး။ ပြန်ဖွင့်တဲ့အချိန်ကျရင်လည်း ကြိုပြီးကြေညာပေးသွားမှာ ဖြစ်ပါတယ်
ဟု ကမ္ဘောဇဘဏ်၏ Call Center မှ ကိုဇော်သက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့တို့ရှိ ကမ္ဘောဇဘဏ်ခွဲများကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့မှစတင်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားသည့် ကာလအတွင်း ကျောက်မဲနှင့် နောင်ချို မြို့တို့မှ ကမ္ဘောဇဘဏ်နှင့် ဆက်သွယ်လုပ်ကိုင်ရန် လိုအပ်သူများ အနေဖြင့် ပြင်ဦးလွင်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ သီပေါမြို့မှ ကမ္ဘောဇဘဏ်နှင့် ဆက်သွယ်လုပ်ကိုင်ရန် လိုအပ်သူမျးအနေဖြင့် လားရှိုးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် မြန်မာ့စီးပွားရေးဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် ကမ္ဘာ့ရတနာ ဘဏ်တို့ ရှိနေခြင်းဖြစ်ပြီး ယင်းတို့အနက် ကမ္ဘောဇဘဏ်တစ်ခုတည်းသာ ယာယီပိတ်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်