၅ ရက်ကြာမည့် စစ်သင်တန်းကို ကိုယ့်စရိတ်နှင့်ကိုယ်တက်ရမည်ဟုဆိုကာ PNO လူသစ်စုဆောင်း

၅ ရက်ကြာမည့် စစ်သင်တန်းကို ကိုယ့်စရိတ်နှင့်ကိုယ်တက်ရမည်ဟုဆိုကာ PNO လူသစ်စုဆောင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လူသစ်စုဆောင်းကာ (၅)ရက်ကြာစစ်သင်တန်းပေးမည်ဖြစ်ပြီး သင်တန်းစရိတ်အဖြစ် တစ်အိမ်လျှင်(၁၀၀၀၀)ကျပ်ထည့်ရမည်ဟု PNO ပြည်သူ့စစ်ကထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အသက်(၁၈)နှစ်အထက်နှင့် (၃၅)နှစ်အောက် လူငယ်အားလုံး စစ်ပညာသင်ရမည်ဖြစ်ပြီး ပြည်သူ့စစ်သင်တန်းကို ထီဖောင်ဘုရားတောင်တွင်ပြုလုပ်မည်ဖြစ်ကာ သင်တန်းတက်ရောက်စဉ်တွင်လည်း နေ့လယ်စာကို ကိုယ့်စရိတ်နှင့်ကိုယ် စီစဉ်ရမည်ဟု ဆိုသည်။

“ဒါက လူတစ်ဦး၊ တစ်ယောက်၊ တစ်စုက အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ပအိုဝ်းလူမျိုးတွေကို စစ်ကျွန်အတွင်းကို တွန်းပို့နေတဲ့လုပ်ရပ်ဖြစ်တယ်လို့ပဲ ပြောချင်တယ်။”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က Tachileik News Agency ကိုပြောသည်။

PNO ပြည်သူ့စစ်က ဒေသခံများကို သင်တန်းချိန် မနက်(၈)နာရီမှ ည(၄)နာရီအထိ သင်ကြားမည်ဖြစ်ပြီး သင်တန်းစရိတ် တစ်အိမ် တစ်သောင်းကျပ်အား နယုန်လဆုတ်(၅)ရက်နေ့ နောက်ဆုံးထားပို့ရမည်ဖြစ်ကာ ပထမအသုတ်ကို ဇွန်လ(၂၂)ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။

“သင်တန်းပေးမယ့် ထီဖောင်ဘုရားဆိုတာက တောင်ကြီးဘက်မှာ။ ရွာတိုင်းဒေသတိုင်းလိုလိုကို အခုစာရင်း ကောက်နေတာ။ ကျွန်တော်တို့ရွာလည်း တစ်အိမ်တစ်ယောက် စစ်ထဲဝင်ရမယ်တဲ့။ အိမ်တိုင်းစေ့ရဖို့တော့ မလွယ်ပါဘူး။ နေရတာအဆင်မပြေဘူးဗျာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အသက်(၁၈)နှစ်မှ (၃၅)နှစ်ကြားရှိ ပြည်ပရောက်သူများ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုမထမ်းပါက တစ်ဦး (၃)သိန်းခွဲပေးရမည်ဖြစ်ကာ သင်တန်းစရိတ်ထည့်ပြီးသော်လည်း တာဝန်ကို လုံးဝခွင့်မလွှတ်ဘဲ အလှည့်ကျ ရှေ့တန်းတက်ရမည်ဖြစ်ပြီး ရှေ့တန်းတက်ရန် ကိုယ့်စရိတ်နှင့်ကိုယ်၊ ကိုယ့်အစီအစဉ်နှင့်ကိုယ် စီစဉ်ရမည်ဟု အတင်းအကြပ်စုဆောင်းနေသည်။

#TachileikNewsAgency