နောင်ချို တပ်ရင်း ၆၀၆ စခန်းနှင့် အုမ္မခါးရွာ တပ်စခန်းတို့ကို TNLA ထပ်သိမ်းပြီး ကျန်ရှိတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်

နောင်ချို တပ်ရင်း ၆၀၆ စခန်းနှင့် အုမ္မခါးရွာ တပ်စခန်းတို့ကို TNLA ထပ်သိမ်းပြီး ကျန်ရှိတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့၌ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် တိုက်ပွဲများဆက်ဖြစ်နေပြီး နောင်ချိုမြို့နယ်မှ စစ်ကောင်စီတပ်စခန်း(၂)ခုကို ထပ်မံသိမ်းပိုက်ရရှိထားကြောင်း TNLAက သတင်းထုတ် ပြန်သည်။ 

မန္တလေးတိုင်း မိုးကုတ်မြိုနယ် အေးစေတီတွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ(၈၈)လက်အောက်ခံ လပခ၊ ခလရ (၂၄၈)တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က  ထိုး စစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ 

 

ကျောက်မဲမြို့နယ်တွင် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်၏ စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ်တို့အား ဆက်လက်တိုက်ခိုက်နေပြီး စည်ပင်ဘုန်းတော်ကြီးကျောင်းနှင့် နောင်ပြစ် စသည့်နေရာများတွင်လည်း တိုက်ပွဲများဖြစ်နေသည်ဟု သိရသည်။



 

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ(၁၁၄) တပ်စခန်းအား TNLA စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား နံနက်(၁၀)နာရီဝန်းကျင်တွင် TNLAက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း (၁၁၄)တပ်စခန်းအား စစ်ကောင်စီတပ်မှ Y-12 လေယာဉ်၊ ဂျတ်ဖိုက်တာတို့ဖြင့် လာရောက်ဗုံးကြဲပြီး TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီ တပ်ရင်း (၆၀၆)တပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

“နောင်ချိုမှာ ခမရ (၁၁၄) တပ်တစ်ခုပဲကျန်တော့တယ်။ ကျန်တာအကုန်ရှင်းလင်းပြီးပြီ”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် ပြောသည်။

ယမန်နေ့က ကျောက်မဲမြိုနယ်တွင် TNLA ထံ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇)ဦးရှိခဲ့သည်။

ထို့အပြင် အဆိုပါတိုက်ပွဲများအတွင်းမှာ ၆၀ မမ (၂)လက်၊ စက်လတ် (၆)လက်၊ RPG-7 (၂)လက်၊ စနိုက်ဘာ (၁)လက်၊ ပစ္စတို (၅)လက်၊ မိုင်း (၅)လုံး၊ ၆၀ မမ ဗုံးသီးနှင့် RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၅၉)မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိထားသည်ဟု သိရသည်။

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြို့နယ်တို့၌ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် (၃)ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၆)ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency

Photo:PSLF/TNLA News