ကျောက်မဲနှင့် နောင်ချိုကို တော်လှန်ရေးတပ်များထိန်းချုပ်ထားနိုင်ပြီး စစ်တပ်စခန်း ၄ ခုသာကျန်

ကျောက်မဲနှင့် နောင်ချိုကို တော်လှန်ရေးတပ်များထိန်းချုပ်ထားနိုင်ပြီး စစ်တပ်စခန်း ၄ ခုသာကျန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီ၏ တပ်စခန်း (၄)ခုသာကျန်တော့ပြီး မြို့တွင်းနေရာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို သိမ်းပိုက်ထားပြီးဖြစ်ကာ မြို့တစ်ခုလုံးကို သိမ်းနိုင်ရန် ခမရ(၅၀၁)၊ ခမရ(၅၀၂) တပ်နှစ်ခုသာ ကျန်တော့သည်ဟု ဆိုသည်။

"ညနေပိုင်း လက်နက်(၁၇)လက်ထပ်ရတယ်။ လက်နက်ထပ်ချသူ ရှိသေးတယ်။ လက်နက်ချတာကတော့ ကျောက်မဲ အများဆုံးပဲ။ မြို့ထဲဆိုရင် ဌာနဆိုင်ရာတွေအကုန်လုံးကို ထိန်ချုပ်ပြီးပြီ။ ခမရ (၅၀၁)နဲ့ ခမရ(၅၀၂) တပ်နှစ်ခုပဲကျန်တယ်။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

နောင်ချိုမြို့နယ်တွင်လည်း ရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စသည့် စစ်ကောင်စီစခန်းများကိုလည်း သိမ်းပိုက်ထားသည်ဟု သိရသည်။ 

နောင်ချိုမြို့နှင့် ခမရ(၁၁၅)တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ အပြည့်အဝ ထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ (၁၁၄)နှင့် (၆၀၆)အမြောက်တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

"နောင်ချိုမှာလည်း ခမရ (၁၁၄)နဲ့ (၆၀၆)အမြောက်တပ်ရင်းကျန်မယ်။ တခြားတပ်စခန်းတော့မရှိဘူး။ ဘုန်းကြီးကျောင်းတွေ မှာ တပ်စွဲနေတာမျိုးတော့ ရှိသေးတယ်။"ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ရှမ်းမြောက်တိုက်ပွဲသို့ စစ်ကောင်စီသည် Y-12၊ ဂျက်ဖိုက်တာများကို အများဆုံးအသုံးပြုခဲ့ပြီး လက်ရှိတွင် အပစ်ရပ်နေသော်လည်း စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်‌နေသည်ဟု သိရသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်လည်း ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီး (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကို အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင်နေသည်ဟု မန္တလေး PDF က ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့နယ်တွင် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အား သိမ်းပိုက်ထားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Mandalay PDF