ကျောက်မဲနှင့် နောင်ချိုတွင် တိုက်ပွဲဖြစ်နေဟု TNLA အသိပေး 

ကျောက်မဲနှင့် နောင်ချိုတွင် တိုက်ပွဲဖြစ်နေဟု TNLA အသိပေး 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေကြောင်း TNLA က အသိပေးထုတ်ပြန်သည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ နံနက်(၅)နာရီခွဲကစတင်၍ လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံး(၄)လုံး ကြဲချသည်ဟု ဆိုသည်။

ကျောက်မဲမြို့နယ်၌ ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ နံနက် (၅)နာရီခွဲကစတင်ကာ တိုက်ပွဲဖြစ်ပွားသည်ဟု သိရပြီး ၁၀၂၇ စစ်ဆင်ရေးအဆက်ဟုပြောဆိုနေခြင်းအပေါ် TNLA ဘက်က ငြင်းဆိုသည်။

“အခုထိတိုက်ပွဲဖြစ်နေတုန်းပါပဲ။ မိုးကုတ်မြို့ စလောင်တောင်အနီးတဝိုက်ဘက်လည်း တိုက်ပွဲစဖြစ်ပါပြီ။ ဒေသခံတွေလည်း ထိခိုက်မှုတွေရှိတယ်။ အရင်နေကတည်း စကစဘက်က ထိုးစစ်ဆင်တာ လေကြောင်းတိုက်ခိုက်တာ ဒရုန်းသုံးတိုက်ခိုက်တာတွေရှိတယ်။ ဒီနေ့က တိုက်ပွဲဖြစ်တယ်။ ဒီလောက်ပါပဲ။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

 

တိုက်ပွဲအခြေအနေကြောင့် မန္တလေး-မိုးကုတ်ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနားကားလမ်းကို ဇွန်လ (၂၅)ရက်နေ့ မှစတင်ကာ ည(၇)နာရီမှ နံနက်(၆)နာရီအတွင်း အသုံ့းပြုသွားလာခြင်းမပြုလုပ်ကြရန်၊ သတ်မှတ်ထားသောအချိန်အတွင်း ခရီးသွားပါက မှန်ချမောင်းနှင်ရန်၊ စစ်ကောင်စီယဉ်များနှင့် အနီးကပ်နေခြင်းမပြုလုပ်ရန်၊ လမ်းခရီးတွင် တိုက်ပွဲဖြစ်နေပါက ဘေးကင်းရာတွင် ယာဉ်များရပ်နားထားရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency