မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့အပြင် ဖန်မင်ကျေးရွာအုပ်စုအတွင်း ဝမ်ကျောက်လုံတွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၄)ဦး အား မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ အပါအဝင် ကျား၊ ခြင်္သေ့၊ ဝက်ဝံ စသည့် တောရိုင်းတိရစ္ဆာန်များပါ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖန်မင်ကျေးရွာအုပ်စုအတွင်း ဝမ်ကျောက်လုံကျေးရွာရှိ နေအိမ်တွင် ၂၀၂၄ခုနှစ် ဇွန်လ(၁၉)ရက်နေ့ ညနေပိုင်းက အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၄)ဦး နှင့်အတူ GLOCK အမျိုးအစား ပစ္စတို(၁)လက်၊ M16 အမျိုးအစား (၁)လက်၊ SIG SAUER အမျိုးအစား ပစ္စတို (၂)လက်၊ MK 12 အမျိုးအစား (၁)လက်၊ CZ 512 အမျိုးအစား (၁)လက် စုစုပေါင်း သေနတ်(၅)လက်နှင့် ကျည်မျိုးစုံ အတောင့် (၁၂၀) အပြင် စကားပြောစက် (၈)လုံးတို့ကို ဖမ်းဆီး သိမ်းဆည်းရရှိခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ၎င်းတို့ထံမှ ကတ်တမင်း မူးယစ်ဆေးဝါး (၁၅၀)ဂရမ် နှင့် မူးယစ်ဆေးချိန်သည့် စက်(၁)လုံး နှင့် မွှေစက် (၁)လုံး ကိုလည်း တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
တဆက်တည်းမှာပင် ခြင်္သေ့ အထီး (၁)ကောင် နှင့် ဘင်္ဂလား ကျား အမ (၁)ကောင်၊ ဟိမဝန္တာဝက်ဝံ အထီး (၁)ကောင် နှင့် အမ (၁)ကောင်တို့ကိုလည်း ၎င်းတို့ထံမှ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၄)ဦးမှာ အသက်(၃၈)နှစ်အရွယ် ဝမ်ရှောက်ဝူ၊ အသက်(၂၈)နှစ်အရွယ် အားဖိန်း၊ အသက်(၃၇)နှစ်အရွယ် လော်လျှိုး နှင့် အသက်(၄၅)နှစ်အရွယ် ဝှမ်းချီဟောင် စသည့် (၄)ဦးမှာ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ တွေ့ရှိ ဖမ်းမိသည့် ခြင်္သေ့၊ ဝက်ဝံ နှင့် ကျား စသည့် တောရိုင်းတိရစ္ဆာန်တို့၏ ပိုင်ရှင်မှာ ဖုန်းကော ဆိုသည့် တရုတ်နိုင်ငံသားဖြစ်ကြောင်းနှင့် လက်ရှိတွင် ဖုန်းကောသည် ထွက်ပြေးတိမ်းရှောင်နေလျှက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများအား မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ လဝကမှု နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင် ရာဥပဒေတို့ဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။